တပ်မှ ပြန်လည်စွန့်လွှတ်မည့်မြေများအား မူလပိုင်ရှင်များအား ပြန်ပေးနိုင်ရေးဆောင်ရွက်နေ

တပ်မှ ပြန်လည်စွန့်လွှတ်မည့်မြေများအား မူလပိုင်ရှင်များအား ပြန်ပေးနိုင်ရေးဆောင်ရွက်နေ

 

မကွေး၊ မေလ ၂၁ ။                 ။ မကွေးမြို့နယ်တွင် အမှတ်(၅၀၁၃)တင့်ကားတပ်မှ ပြန်လည်စွန့်လွှတ်မည့် မြေဧက(၅၀၂)ဧကအား မူလတောင်သူများထံ ပြန်လည်ပေးအပ်နိင်ရန် အတတ်နိင်ဆုံး အမြန်ဆုံး ဆောင်ရွက်လျက်ရှိကြောင်း ယနေ့ မေလ ၁၇ ရက်နေ့က မကွေးမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ သိရသည်။

၁၉၉၆ ခုနှစ်က မကွေးမြို့နယ် မယ်လှတောင်ကျေးရွာအုပ်စုနှင့် မကြီးကန်ကျေးရွာအုပ်စု တောင်သူများပိုင် ယာမြေဧက (၁၃၉၄)ဧကအား အမှတ်(၅၀၁၃)တင့်ကားတပ်မှ သိမ်းဆည်းခဲ့ကာ ယခု ဧက(၅၀၂)ဧက ပြန်လည် စွန့်လွှတ်ခဲ့၍ မူလတောင်သူများအား ပြန်လည်ပေးအပ်နိင်ရန် ကွင်းဆင်းတိုင်းတာမှုများ ပြုလုပ် ပြီးစီးပြီဖြစ်ကြောင်း မကွေးမြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦစီးဌာန ဦးစီးမှူးဦးပိုင်သူရချိုက ပြောသည်။

“ ၁၉၉၆ ခုနှစ်က မကွေးမြို့နယ် မယ်လှတောင်ကျေးရွာအုပ်စုက ကွင်း(၂)ကွင်းနဲ့ မကြီးကန်ကျေးရွာအုပ်စုက ကွင်း(၄)ကွင်းမှာရှိတဲ့ တောင်သူယာမြေ (၁၃၉၄)ဧကကို အမှတ်(၅၀၁၃)တင့်ကားတပ်က သိမ်းခဲ့တယ်၊ အခု စွန့်လွှတ်မှာက မကြီးကန်ကျေးရွာအုပ်စုက (၁)ကွင်း၊ မယ်လှတောင်ကျေးရွာအုပ်စုက (၂)ကွင်းကမြေ စုစုပေါင်း(၅၀၂)ဧက ဖြစ်ပါတယ်။  အခု တိုင်းတာတဲ့ အဆင့်ပြီးသွားပါပြီ ၊ပြန်စွန့်တဲ့မြေ (၅၀၂)ဧကနဲ့ ပတ်သက်ပြီး ပုံစံ၁(က) စီစစ်မယ် ၊ပြီးတော့ ကျွန်တော်တို့ ပြုစုပေးတဲ့ပုံစံ၁(က)ကို သက်ဆိုင်ရာ ကာကွယ်ရေး ဌာနရဲ့ အတည်ပြုချက် ရယူပြီး ပြည်ထဲရေး ကို အပ်မယ်၊ အဲ့ဒီက အတည်ပြုချက် ရပြီဆိုတာနဲ့ မူလတောင်သူ တွေလက်ထဲ အမြန်ပေးနိင်အောင် ကြိုးစားဆောင်ရွက်သွားပါမယ်” ဟု ဦးပိုင်သူရချိုက မဇ္ဈိမသို့ ပြောသည်။

မူလတောင်သူများ မြေပြန်လည်ရမည်ဆို၍ ဝမ်းသာပါကြောင်း၊ ပြန်လည်ရမည့်မြေပေါ် စိုက်ပျိုး၍ သီးနှံဖြစ်ထွန်း ပါက မကွေးတိုင်းဒေသကြီး၏ သီးနှံထွက်ကုန် တိုးတက်လာမည် ဖြစ်သည့်အတွက် အတတ်နိင်ဆုံး အမြန်ဆုံး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မကွေးမြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required