အသက် ၁၂၁ နှစ်ရှိပြီ ဆိုသည့် မက္ကဆီကို အဘိုးအို ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသား ဖြစ်နိုင်ဖွယ် ရှိနေ

အသက် ၁၂၁ နှစ်ရှိပြီ ဆိုသည့် မက္ကဆီကို အဘိုးအို ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသား ဖြစ်နိုင်ဖွယ် ရှိနေ

 

မေ ၂၁ ။                        ။ မက္ကဆီကိုနိုင်ငံက မန်နျူရယ် ဂါစီယာ ဟာနန်ဒက်ဇ် အမည်ရ အဘိုးအိုတစ်ဦးဟာ ခုချိန်မှာ အသက် ၁၂၁ နှစ်ရှိနေပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

အဘိုးအို ဂါစီယာရဲ့ မွေးစာရင်းနဲ့ တရားဝင် မက္ကဆီကို မှတ်ပုံတင်ကဒ်အရ ဆိုရင် သူ့မွေးနေ့ဟာ လွန်ခဲ့တဲ့ ၁၈၉၆ ခုနှစ် ဒီဇင်ဘာ ၂၄ ရက် ဖြစ်တယ်ဆိုပြီး ဖော်ပြနေပါတယ်။

ဒီအတိုင်းသာ အမှန်ဖြစ်နေမယ်ဆိုရင်တော့ အဘိုးအို ဂါစီယာဟာ ကမ္ဘာ့ အသက်အကြီးဆုံးသော အမျိုးသား ဖြစ်နေပါပြီ။

ခု အသက် အထောက်အထားကိုတော့ အမှန်ဖြစ်တယ်လို့ သက်ဆိုင်ရာက အတည်ပြုပေးနိုင်ခဲ့မယ်ဆိုရင်တော့ အဘိုး ဂါစီယာ ဟာ လက်ရှိ ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသားဆိုတဲ့ ဂုဏ်ပုဒ်ကို ကိုင်ဆောင်ထားတဲ့ ဂျပန်နိုင်ငံက အသက် ၁၁၂ နှစ်အရွယ် အဘိုးအို မာဆာဇို နိုနာကာ ထက် ရှစ်နှစ်ကျော်တောင် ပိုကြီးနေတော့မှာ ဖြစ်ပါတယ်။ အဘိုး မာဆာဇိုကတော့ ၁၉၀၅ ခုနှစ် ဇူလိုင် ၂၅ မှာ မွေးတယ်လို့ သိရပါတယ်။

မက္ကဆီကို အဘိုးအို ဂါစီယာကတော့ သူ့အနေနဲ့ သူ့အသက်အရွယ်နဲ့ပတ်သက်လို့ ကမ္ဘာ့ ဂင်းနစ်စံချိန်တင်နိုင်အောင်လို့ ဘယ်တုန်းကမှ တာဝန်ရှိတွေကို အပူကပ် တောင်းဆိုတာမျိုး မလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် အသက်အရွယ် ဆိုတာက တကယ်တော့ ကိန်းဂဏာန်းတစ်ခု သက်သက်ပဲဖြစ်ပါတယ်။ အဘိုး ဂါစီယာကတော့ သူ့အသက် ၈၀ ကျော်လာပြီးတဲ့နောက်ပိုင်း ဘာကိုမှ ထူးထူးခြားခြား  ခံစားမိတော့ခြင်း မရှိတော့ဘူးလို့ ပြောပါတယ်။

ဒါပေမယ့် သူ့ရဲ့ ခု အသက်ရှည် နေထိုင်လာခဲ့တဲ့ ဘဝသက်တမ်းတစ်လျှောက်မှာ စိတ်မကောင်းဖြစ်မိတဲ့ အရာ ဆိုလို့ နှစ်ခုပဲ ရှိတယ်လို့ ဆိုပါတယ်။ တစ်ခုကတော့ သူ အသက် ခပ်ငယ်ငယ်အရွယ်မှာကတည်းက သူ့ဖခင်ကို ဆုံးရှုံးုလိုက်ရတာနဲ့ နောက်တစ်ခုကတော့ သူ အလုပ် မလုပ်နိုင်တော့တဲ့ အချက်ဖြစ်တယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် အဘိုး ဂါစီယာဟာ ခုချိန်မှာ ပေါ့ပါးသွက်လက်နေဆဲဖြစ်ပြီး နေအိမ်မှာ သူမွေးထားတဲ့ ကြက်ကလေးတွေကို ကိုယ်တိုင်ပဲ အစာကျွေးတာတွေ ပုံမှန်လုပ်နေဆဲဖြစ်ပါတယ်။ အဘိုး ဂါစီယာကတော့ နိုင်ငံမြောက်ပိုင်းက Ciudad Juarez မြို့က နေအိမ်မှာ သမီးဖြစ်သူနဲ့အတူ နေထိုင်လျက်ရှိပါတယ်။

" နေရတာတော့ ပျော်ပါတယ်၊ ဒါပေမယ့် မောသလို ပန်းသလိုတော့ ဖြစ်တာပေါ့၊ ဘယ်လိုပဲဖြစ်ဖြစ် အဘိုးက အမြဲ ကိုယ်တိုင်ပဲ ကြိုးစားလုပ်တယ်လေ၊ ဘာလို့လဲဆိုတော့ အဘိုးက တစ်နေကုန် အိပ်ယာထဲမှာ လှဲနေတာပဲဖြစ်ဖြစ် ဒါမှမဟုတ် ထိုင်ခုံမှာ ထိုင်နေရင်ပဲဖြစ်ဖြစ် နေမိမယ်ဆိုရင် အဘိုး နေမကောင်းဖြစ်တော့တာပဲ၊အဲဒါကြောင့် လှုပ်လှုပ်ရှားရှားပဲ နေတယ်လေ၊ ခုချိန်မှာ ကိုယ့်ကိုယ်ကိုယ် အသက် ၈၀ လောက်လိုမျိုးပဲ ခံစားမိပါတယ်" ဆိုပြီး အဘိုး ဂါစီယာက ပြောသွားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags