တမူးခရိုင်အတွင်း ကနဦး ရေနံရှာဖွေရေး တိုင်းတာမှုများ ပြုလုပ်နေသည့်အပေါ် ဒေသခံများ စိုးရိမ်

တမူးခရိုင်အတွင်း ကနဦး ရေနံရှာဖွေရေး တိုင်းတာမှုများ ပြုလုပ်နေသည့်အပေါ် ဒေသခံများ စိုးရိမ်

တမူး။  ။ မေလ ၂၁ရက် ။          ။ စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင်အတွင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန မြန်မာရေနံနှင့် သဘာဝသတ္ထု တူးဖော်ရေး MOGEနှင့် အိန္ဒိယရေနံတူးဖော်ရေး ကုမ္ပဏီ ONGC တို့ အကျိုးတူပူးပေါင်းပြုလုပ်နေသည့် ကနဦး ရေနံရှာဖွေ တိုင်းတာမှုကို ဒေသခံများ စိုးရိမ်နေကြောင်း သိရသည်။

ဒေသခံများ၏ ချဲ့ထွင်လယ်ကွက်များအတွင်း  မြေအောက်ပုံစံတိုင်းတာရေး  သဲကြော၊ မြေနမူနာပုံစံကို ကျောက်လွှာကြော ရေကြောများ မည်သည့်ပုံစံရှိသည်ဆိုသည်ကို  အသံလှိုင်းဖမ်းပြီး တိုင်းတာသော နည်းပညာဖြင့် ဆောင်ရွက်ခြင်းဖြစ်ကာ ဆောင်ရွက်ရာတွင် ဒိုင်းနမိုက်ခွဲပြီး ပြုလုပ်သည့် လုပ်ငန်းဖြစ်သည့် အတွက် ဒေသခံများက လယ်ယာမြေများ ပျက်စီးမည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။

“သူတို့လာတုန်းက ဘာမှလည်းမပြောဘူး။ ကျွန်တော်လယ်ထဲမှာ စက်မောင်းသံကြားမှ သွားလိုက်တော့ မြေကြီးတွေဖောက်နေတာ တွေ့တယ်။ လယ်တွေ မထိဘူးလားလို့ ပြောတော့ မထိဘူးလို့ပြောတယ်။ ကျင်းထဲမှာ အစောတုန်းကတော့ ဘာမှမထည့်ဘူး။  နောက်တော့ ပိုက်ထည့်တာလား ဘာလားမသိဘူး။ အခေါင်းကြီးပဲမြင်ရတယ်။ နောက် ယမ်းလာထည့်ပြန်တယ်။ သူတို့လုပ်သွားတဲ့ နေရာတွေက ကျွန်တော်တို့ စပါးရဖို့ လယ်ကွင်းအသစ်တိုးထားတာလေ ။ လုပ်ထားတာလေ ။  ဒီလယ်ကနေ အောင်မြင်မှုရှိလာရင် စပါးတွေ များများရမယ် ။ ဝမ်းစာလုံလောက်အောင် လုပ်ထားတာလေ။ ကျွန်တော်တို့က သူများလို ဘာမှမရှိတဲ့ လူဆိုတော့ ဒီလယ်နဲ့ပဲ လုပ်စားရမှာဆိုတော့ ခုတ်ပြီး ချဲ့ထွင်ထားတယ်ဆိုတာကလည်း စပါးရသလောက် လေးနဲ့ ဝမ်းစာလောက်မလားဆိုပြီး လုပ်ထားတာပေါ့ ။ အမှန်ဆိုရင် နစ်နာကြေးတွေ ဘာတွေမရချင်ပါဘူး။ တစ်သက်လုံး ဒီလယ်လေးကို သားစဉ်မြေးဆက် လုပ်ကိုင်သွားချင်ပါတယ် " ဟု တမူးမြို့နယ် နောင်ကပ် ရွာသစ်မှ  ဦးရမ်ခိုဟောင်းက မဇ္ဇျိမ သို့ ပြောသည်။

လက်ရှိတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကနဦး ရေနံရှာဖွေတိုင်းတာမှုများကို  မဟာမြိုင်၊ မော်လိုက်၊ ပန်းသာ၊ လောသာ၊ ပင်လယ်ဘူး၊ ဖောင်းပြင်၊ ဗန်းမောက်၊ တမူး၊ ဟုမ္မလင်း စသည့် မြို့နယ်များတွင် ပြုလုပ်နေကြောင်း မြန်မာရေနံနှင့် သဘာဝသတ္ထုတူးဖော်ရေး MOG မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

''စစ်ကိုင်းတိုင်းအတွင်းမှာ C1 ၊ B2 ဆိုပြီး နှစ်ပိုင်းခွဲပြီး တိုင်းတာမှုတွေပြုလုပ်နေတယ် ကျွန်တော်တို့ရဲ့ B2 ထဲမှာ တမူးပါတယ်။ ဒေသခံတွေစိုးရိမ်နေသလို လယ်တွေပျက်မယ်၊ ယာတွေပျက်မယ်ဆိုတာ မဟုတ်ပါဘူး။  ပြီးတော့ မြေမသိမ်းဘူးလေ ။ ကျွန်တော်တို့က ယာယီဖြတ်သန်းမှုပဲ အခိုက်တန့်လေးပဲလုပ်မှာ ဇွန်၊ဇူလိုင် တိုင်းပြီးသွားရင် ပြီးပြီ ။ ပြန်မဝင်တော့ဘူး။ အဓိက အခုလိုလုပ်တယ်ဆိုတာကလည်း ဒေတာလိုချင်လို့ပါ။ ပုံစံ ရ ရှိတဲ့သူရော မရှိတဲ့သူရော ဘာမှစိုးရိမ်စရာမရှိဘူး ။ ဒါကရှာဖွေရေးအဆင့်ကို ပြောတာ တကယ်လို့ အဲ့ဒီနေရာမှာ ရေနံတူးလို့ရမယ်ဆိုရင်လည်း ဒေသခံတွေရဲ့ ခွင့်ပြုချက်ရမှ တူးလို့ရမယ်။ ဒေသခံတွေ ခွင့်မပြုရင် တူးလို့မရဘူး။ ဒေသခံ စိုးရိမ်နေကြတာက လုပ်ငန်းသဘောတရားကို မသိကြလို့ပါ။ ဟိုတစ်လောက ဒေသခံတွေက လက်မခံလို့ တားလို့ ကျွန်တော်အဖွဲ့တွေ သွားရသေးတယ် ။ အဲ့ဒါနဲ့ သူတို့ဥက္ကဋ္ဌရှေ့မှာပဲ ဒိုင်းနမိုက်ကို ခွဲပြရတယ်။ အဆင်တော့ပြေသွားတယ်။ ရှင်းပြရတယ် ။ ဒါက နိုင်ငံတော်စီမံကိန်းပါ။ ဒေသခံတွေနဲ့ အဆင်ပြေသလို ဆောင်ရွက်ရသလို ကုမ္ပဏီနဲ့လည်း အဆင်ပြေအောင် ဆောင်ရွက်ရတယ် " ဟု မြန်မာရေနံနှင့် သဘာဝသတ္ထုတူးဖော်ရေး MOG B2 လုပ်ကွက်တာဝန်ခံ ဦးပြည့်စုံက မဇ္ဇျိမသို့ ပြောသည်။

တမူးမြို့နယ်အတွင်းရှိ G2 လုပ်ကွက်ကို မြန်မာရေနံနှင့် သဘာဝသတ္ထုတူးဖော်ရေး MOG မှ တင်ဒါခေါ်ယူရာ အိန္ဒိယရေနံတူးဖော်ရေး ကုမ္ပဏီ ONGC မှ EIA၊ SIA စသည့် စည်းကမ်းများဖြင့် အဆင့်ဆင့်အောင်မြင်ခဲ့ပြီး ရင်းနှီးမြှုပ်နှံခွင့်ကော်မရှင် (MIC) ၏ လုပ်ကိုင်ခွင့် ပါမစ်ရခဲ့ကြောင်း သိရသည်။  

ONGC ကုမ္ပဏီမှ နည်းပညာနှင့် မြေကြောပုံစံတိုင်းတာသည့် လုပ်ငန်း C1 လုပ်ကွက်အတွက် တရုတ်ကုမ္ပဏီ စီနိုပက် (SINOPEC)ကို ငှားရမ်းထားကြောင်း သိရသည်။

အဆိုပါ ကနဦးရေနံရှာတိုင်းတာမှုများ ပြုလုပ်ရာတွင်  ဒေသခံများ၏ သီးနှံများ ပျက်စီးသွားလျှင် သီးနှံ လျော်ကြေးပေးရသည့် အဖွဲ့ရှိကာ မြို့နယ်မှ တွက်ချက်ပေးသည့် သီးနှံလျော်ကြေးအတိုင်း ပေးလျော်ရမည် ဖြစ်ပြီး ဒေသခံတွေရဲ့ ပိုင်ဆိုင်မှုတွေကို ပျက်စီးဆုံးရှုံးမှု မရှိအောင် ကာကွယ်ပေးရမည်ဆိုသည့် စည်းကမ်းချက် များ ပါရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly