ရခိုင်ပြည်နယ်တွင် စိုက်ပျိုးစရိတ်ချေးငွေပြန်မဆပ်သော တောင်သူများကို တရားစွဲမည်

.

ဓာတ်ပုံ- (RiA)

 

စစ်တွေ၊ မေလ ၂၁ ရက်။        ။ ရခိုင်ပြည်နယ်မှာ မိုးစပါးစိုက်ပျိုးဖို့ အရင်နှစ်တွေက ထုတ်ချေးထားတဲ့ စိုက်ပျိုးစရိတ် ချေးငွေတွေကို ပြန်ဆပ်ဖို့ စည်းရုံးလို့မရတဲ့ တောင်သူတွေကို စိုက်ပျိုးရေးဘဏ်ရဲ့ ဥပဒေပါအတိုင်း တရားစွဲဆိုသွားမယ်လို့ ရခိုင်ပြည်နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ပြည်နယ်မန်နေဂျာ ဦးအေးသိန်းက ပြောပါတယ်။

ဒီချေးငွေတွေကို ပြန်ဆပ်ဖို့ မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ် တာဝန်ရှိသူတွေက ချေးငွေမကျေသေးတဲ့ မြို့နယ်တွေက တောင်သူတွေနဲ့ သွားရောက်တွေ့ဆုံကာ စည်းရုံးမှုတွေလုပ်ဆောင်နေပြီး စည်းရုံးလို့ မရတဲ့တောင်သူတွေကို ဒီနှစ်အတွက် ချေးငွေထုတ်ချေးမှုကာလ ကျော်လွန်လျှင် တရားစွဲဆိုမှုကို စတင်တော့မှာဖြစ်တယ်လို့ ပြည်နယ်မန်နေဂျာ ဦးအေးသိန်းက ဆိုပါတယ်။

“မြို့နယ်မှာ ကျွန်တော်တို့ ချေးငွေအကြံပေးအဖွဲ့ရှိပါတယ်။ အဲဒီအကြံပေးအဖွဲ့က ဥပဒေအရာရှိဆီမှာ အကျုံးဝင်တဲ့ ပုဒ်မတွေနဲ့ တရားစွဲဆိုသွားဖို့ ရှိပါတယ်။ ဒါကလည်း စည်းရုံးလို့ မရတဲ့သူတွေကိုပါ။ လက်ရှိ ၂၀၁၇ ပြီးခဲ့နှစ်က ချေးတဲ့ငွေတွေဆိုရင် စည်းရုံးတဲ့အဆင့် ကောက်ခံတဲ့အဆင့်မှာ ရှိပါသေးတယ်။ ၂၀၁၃ကနေ ၂၀၁၆ အထိ အကြွေးမကျေတဲ့ မြို့နယ်ပေါင်း ၁၂ မြို့နယ် ရှိတယ်။ အဲဒီအကြွေးက သိန်း ၅ ထောင်ကျော် လောက်ရှိပါတယ်။ ဒါတွေက စည်းရုံးရေးအဆင့်တွေ အချိန်ကာလအများကြီး ကျော်လွန်သွားပါပြီ။ ဒါ့ကြောင့် နိုင်ငံတော်ငွေကို အဆုံးရှုံးမခံနိုင်တဲ့အတွက် တရားစွဲဆိုမှာပါ။” ပြည်နယ်မန်နေဂျာ ဦးအေးသိန်းက ပြောပါ တယ်။

ဒီနှစ် မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က မေလ ၁၇ ရက်နေ့ကစတင်ကာ ဘီလီယံ ၉၀ ကျော်ကို အခုမေလနဲ့ ဇွန်လအတွင်းမှာ အပြီးသတ်ထုတ်ချေးပေးသွားမှာဖြစ်ပြီး အရင်ထုတ် ချေးထားတဲ့ ချေးငွေအကုန်လုံး ပြေကျေအောင် ပြန်ဆပ်ပြီးတဲ့ တောင်သူတွေကိုသာ ဒီနှစ်အတွက် ငွေထုတ်ချေးပေးတာလည်း ဖြစ်ပါတယ်။

ဒီနှစ်ထုတ်ချေးမှုပုံစံဟာ အရင်နှစ်တွေကလိုမဟုတ်တော့ဘဲ တောင်သူတစ်ဦးချင်းစီကို စာချုပ် ချုပ်ဆိုကာ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ (၇) မူရင်းကို အာမခံအဖြစ်   မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှာ အပ်နှံပြီးမှ စိုက်ပျိုးစရိတ် ချေးငွေထုတ်ပေးနေတာပါ။

ဒါ့အပြင်၂၀၁၇ ခုနှစ်အတွင်း မိုးစပါးစိုက်တောင်သူတွေဟာ စပါးဈေးနှုန်းကျဆင်းကာ ဝယ်မယ့်သူမရှိတဲ့ အခြေနေတွေနဲ့ ရင်ဆိုင်ခဲ့ကြရတာကြောင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ယူထားတဲ့ ချေးငွေတွေကို ပြန်ဆပ်နိုင်အောင် ဆန်စပါးကုန်သည်ကြီးတွေ (သို့မဟုတ်) အစိုးရအနေနဲ့ ကာလပေါက်ဈေးခန့် ပေးဝယ်ယူရန် မြောက်ဦးမြို့နယ်က တောင်သူတွေဟာ ပြီးခဲ့နှစ် မေလအတွင်းက ဆန္ဒပြတောင်းဆိုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့နှစ်က မိုးစပါးစိုက်တောင်သူပေါင်း ၁ သိန်းကျော်ကို ဘီလီယံ ၈၀ ကျော် ထုတ်ချေးပေးခဲ့တာဖြစ်ပြီး လက်ရှိမှာ ၃၇ ဒသမ ၃၅ ဘီလီယံ ရာခိုင်နှုန်းအားဖြင့် (၄၃ ဒသမ ၃၄ ရာခိုင်နှုန်း)ကိုသာ ကောက်ခံရရှိသေးကာ ၄၈ ဒသမ ၈၂ ဘီလီယံ ကောက်ခံရန် ကျန်ရှိနေသေးတယ်လို့ မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်က သိရပါတယ်။