Billboard ဂီတဆုပေးပွဲ၌ ဒီဂျေပညာရှင် Avicii ကို ရည်စူးဂုဏ်ပြုခဲ့သည့် Chainsmokers နှင့် Halsey

Billboard ဂီတဆုပေးပွဲ၌ ဒီဂျေပညာရှင် Avicii ကို ရည်စူးဂုဏ်ပြုခဲ့သည့် Chainsmokers နှင့် Halsey

 

နာမည်ကျော်ဒီဂျေပညာရှင်များဖြစ်ကြသော The Chainsmokers နှင့် အဆိုတော်မလေး Halsey တို့သည် တနင်္ဂနွေနေ့ညက ကျင်းပခဲ့သော Billboard ဂီတဆုပေးပွဲ၌ ပရိသတ်များက လေးစားချစ်ခင်သော ဆွီဒင်ဒီဂျေ ပညာရှင် Avicii ကို ရည်စူးဂုဏ်ပြုခဲ့ကြသည်။

နာမည်ကြီး ပေါက်သီချင်း ၁၀၀ ထဲမှ ထိပ်ဆုံးရောက်ရှိခဲ့သော လုဇ်ဖွန်စီ၏ Despacito သီချင်းအတွက် ဆုကြေညာမှုကိုမပြုလုပ်မီတွင် The Chainsmokers ၏ ဒီဂျေပညာရှင်များဖြစ်ကြသော အဲလက်ဇ်ပေါလ်နှင့် ဒရူးတက်ဂါ့တ်တို့က “ Avicii ဟာ လူအများရဲ့ လေးစားအားကျမှုကိုရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ် ပြီး ကျနော်တို့အတွက်ရော EDM ဂီတအသိုင်းအဝန်းအတွက်ပါ အဓိပ္ပါယ်ရှိသူတစ်ဦးဖြစ်ပါတယ်” ဟု လာ့စ်ဗီးဂတ်စ်ရှိ Grand Garden Arena သို့ တက်ရောက်လာသော ထောင်နှင့်ချီသည့် ပရိသတ်များအား ပြောကြားခဲ့သည်။

ဒါ့အပြင် Halsey ကလည်း “ သူဟာ ပျော်ပျော်နေတတ်သူတစ်ဦးဆိုတာကို သူနဲ့အလုပ်တွဲလုပ်ဖူးသူတိုင်း သိထားပါတယ်။ ဒီလိုလူတစ်ယောက် ၀မ်းနည်းဖွယ်ရာဖြစ်ရပ်ကိုကြံုရတာက အားလုံးအတွက် ထိခိုက်နာကျင် စေပါတယ်။ ဒါဟာ ကျွန်မတို့ရဲ့ မိတ်ဆွေတွေ၊ မိသားစုတွေ စိတ်ထိခိုက်စရာကြံုလာတဲ့အချိန်မှာ ဘေးကနေ အားပေးကူညီရမယ်လို့ ကျွန်မတို့ကို သတိပေးလိုက်သလိုပါပဲ” ဟု ပြောဆိုခဲ့သည်။

ဆက်လက်ပြီး The Chainsmokers အဖွဲ့က Top Dance/ Electronic Act ဆုကို ရယူစဉ်တွင် တက်ဂါ့တ်က “ကျနော်တို့ရဲ့ ဒီဆုကို Avicii အတွက် ရည်စူးဂုဏ်ပြုပါတယ်။သူဟာ ကျနော်တို့အားလုံးလေးစားအားကျရတဲ့ သူဖြစ်ပြီး ကျနော်တို့ယုံကြည်ရာကို ရဲရဲဝံ့ဝံ့လုပ်ဖို့ အားပေးသူဖြစ်ပါတယ်။ သူ့ကို ကျနော်တို့အားလုံး သတိရ လွမ်းဆွတ်နေမှာဖြစ်ပြီး သူငြိမ်းချမ်းပါစေလို့ ဆုတောင်းပေးပါတယ်” ဟု ပြောဆိုခဲ့သည်။

Avicii သည် ပြီးခဲ့သောဧပြီလ ၂၀ ရက်နေ့က ကွယ်လွန်သွားခဲ့ခြင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၂၈ နှစ် သာ ရှိသေးကြောင်းသိရသည်။ သူသည် မိမိကိုယ်ကို အဆုံးစီရင်ခဲ့ခြင်းဖြစ်ကြောင်း သူ၏မိသားစုက နောက်ပိုင်း တွင် ကြေညာခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly