၂၀၁၈ Billboard ဂီတဆုပေးပွဲ၌ ထိပ်သီးအနုပညာရှင်ဆု ဆွတ်ခူးခဲ့သည့် အက်ဒ်ရှီရန်း

၂၀၁၈ Billboard ဂီတဆုပေးပွဲ၌ ထိပ်သီးအနုပညာရှင်ဆု ဆွတ်ခူးခဲ့သည့် အက်ဒ်ရှီရန်း

 

၂၀၁၈ ခုနှစ်အတွက် Billboard ဂီတဆုပေးပွဲကို အမေရိကန်နိုင်ငံ လော့စ်အိန်ဂျယ်လိစ်မြို့ရှိ MGM Grand Garden အားကစားကွင်း၌ တနင်္ဂနွေနေ့ညကကျင်းပခဲ့ပြီး နာမည်ကျော်အဆိုတော် အက်ဒ်ရှီရန်း၊ ဘရူနိုမားစ် နှင့် ခန်ဒရစ်လာမားတို့က ဆုပေါင်း ၁၅ ဆုအတွက် စကာတင်စာရင်းတင်သွင်းခံခဲ့ရပြီး အက်ဒ်ရှီရန်းက ထိပ်သီးအနုပညာရှင်ဆုကို ဆွတ်ခူးသွားခဲ့သည်။

အက်ဒ်ရှီရန်းသည် အခြားနာမည်ကြီးအနုပညာရှင်များဖြစ်ကြသော ဒရိတ်ခ်၊ ခန်ဒရစ်လာမား၊ ဘရူနိုမားစ်၊ တေလာဆွစ်တို့ကို ကျော်ဖြတ်ပြီး Billboard ဂီတဆုပေးပွဲ၏ သြဇာအကြီးမားဆုံးသော ထိပ်သီးအနုပညာရှင်ဆု (Top Artist Award) ကို ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။

ဒါ့အပြင် မျက်နှာသစ်ထိပ်သီးအနုပညာရှင်ဆုကို အဆိုတော်ခါလစ်က 21 Savage ၊ ကာမီလာကာဘယ်လို၊ ကာဒီဘီ နှင့် ခိုဒက်ဘလက်ခ်တို့ကို ကျော်ဖြတ်ပြီး ဆွတ်ခူးသွားခဲ့သည်။ နာမည်ကြီးအဆိုတော် တေလာဆွစ် လည်း ထိပ်သီးအမျိုးသမီးအနုပညာရှင်ဆုကို ကာမီလာကာဘယ်လို၊ ကာဒီဘီ၊ ဟယ်ဆေနှင့် ဒီမီလိုဗာတိုတို့ကို ကျော်ဖြတ်ကာ ဆွတ်ခူးသွားခဲ့သည်။

၂၀၁၈ Billboard ဂီတဆုပေးပွဲ၌ နာမည်ကြီးအဆိုတော် ဂျားနက်ဂျက်ဆန်က ICON Award ဆုကို ဆွတ်ခူးခဲ့ သလို သူမအတွက် ၉ နှစ်အတွင်း ပထမဦးဆုံးအကြိမ် ရုပ်သံမှတင်ဆက်သော တိုက်ရိုက်ဖျော်ဖြေပွဲအဖြစ် ဆုပေးပွဲ၌ သီဆိုဖျော်ဖြေပေးခဲ့သည်။

ဒါ့အပြင် အခြားနာမည်ကြီးအနုပညာရှင်များဖြစ်ကြသော BTS၊ ကယ်လီကလာ့ခ်ဆန်၊ အာရီရာနာဂရန်ဒီ၊ ဂျွန်လဲဂျန့်၊ ဒျူအာလီပါ၊ အက်ဒ်ရှီရန်းတို့က ဆုပေးပွဲ၌ သီးခြားဖျော်ဖြေတင်ဆက်ခဲ့ကြသလို ခရစ္စတီးနား အက်ဂွီလာရာနှင့် ဒီမီလိုဗာတို၊ ကာမီလာကာဘယ်လိုနှင့် ဖာရဲလ်ဝီလီယမ်၊ ခါလစ်နှင့် နော်မာနီ၊ ဂျနီဖာလိုပက်ဇ် နှင့် ဒီဂျေခါလက်၊ မိုက်ကယ်မိုးနှင့် ကီရှာ၊ ရှောမန်ဒက်စ်နှင့် ခါလစ်တို့က ပူးတွဲသီဆိုဖျော်ဖြေပေးခဲ့ကြသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly