၂၀၁၈ မြန်မာ့စီးပွားရေးစောင့်ကြည့် အစီရင်ခံစာ ထုတ်ပြန်မှု စီးပွားရေး ပညာရှင်များ ကြိုဆို

၂၀၁၈ မြန်မာ့စီးပွားရေးစောင့်ကြည့် အစီရင်ခံစာ ထုတ်ပြန်မှု စီးပွားရေး ပညာရှင်များ ကြိုဆို
ကမ္ဘာ့ဘဏ်အုပ်စု၏ မြန်မာ့စီးပွားရေးစောင့်ကြည့်အစီရင်ခံစာ ထုတ်ပြန်သည့်အခမ်းအနားကို မေလ(၁၈)ရက်နေ့က ကုန်သည်စက်မှုအသင်းချုပ်၌ ကျင်းပစဉ်။ (ဓာတ်ပုံ - UMFCCI)

 

မေ ၂၁ ။                    ။ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းပြီး " “2018 Myanmar Economic Monitor: Growth Amidst Uncertainty"  ဆိုသည့် အစီရင်ခံစာ ထုတ်ပြန်မှုအပေါ် ကြိုဆိုပါကြောင်း မြန်မာ့စီးပွားရေးပညာရှင် ဦးမြင့်က ပြောကြားသွားသည်။

မေလ ၁၇ ရက်က ရန်ကုန်မြို့ UMFCCI  မင်္ဂလာခန်းမတွင် ကျင်းပသည့် အခမ်းအနားတစ်ရပ်တွင် စီးပွားရေးပညာရှင် ဦးမြင့်က တက်ရောက်လာသူ ဧည့်ပရိသတ်များကို ပြောဆိုသွားခြင်း ဖြစ်သည်။

ယင်းသို့ ပြောဆိုရာတွင် ၎င်းအနေဖြင့် ယခုကဲ့သို့ အစီရင်ခံစာထုတ်ပြန်မှု အခမ်းအနားမှာ  စကား ပြောဆိုခွင့်ရတဲ့အတွက် UMFCCI   နဲ့ ကမ္ဘာ့ဘဏ်ကို ကျေးဇူးတင်တယ်လို့ ဆိုသည်။

အောက်ပါတို့ကတော့ ၎င်းပြောဆိုသွားခဲ့တဲ့ မှတ်ချက်စကား အပြည့်အစုံဖြစ်သည်။

" အချိန် အကန့်အသတ်အရရော၊ နောက်ပြီး ကမ္ဘာ့ဘဏ် ညွန်ကြားရေးမှူး၊ ဦးဆောင်စီးပွားရေးပညာရှင်နဲ့ ကျွမ်းကျင်ပညာရှင် အဖွဲ့တို့က  တင်ဆက်ပြသမှုတွေ၊ အမြင်ချင်း ဖလှယ်ဆွေးနွေးပြောဆိုမှုတွေလုပ်နေတာ ဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ကတော့ စီးပွားရေးစောင့်ကြည့်အစီရင်ခံစာရဲ့ အဓိက အကြောင်းအရာတွေကို အကျယ်ချဲ့ မဆွေးနွေးတော့ပါဘူး။ အဲဒီအစား ဒီ အစီရင်ခံစာနဲ့ပတ်သက်လို့ ယေဘုယျ မှတ်ချက်အနည်းငယ်လောက်နဲ့ ဒီအပေါ်မှာ ထပ်မံဖြည့်စွက်သင့်တဲ့ အကြံပြုချက်တွေကို ပြောသွားမှာဖြစ်ပါတယ်။

ပထမဦးစွာ အနေနဲ့ ဒီ စီးပွားရေးစောင့်ကြည့်အစီရင်ခံစာက သေချာ စနစ်တကျ ဂရုတစိုက် ရေးဆွဲပြင်ဆင်ထားတဲ့၊ ပရောဖက်ရှင်နယ်ဆန်တဲ့၊ အသေးစိတ်ခွဲခြမ်းစိတ်ဖြာထားတဲ့၊ အတော်အသင့် ပြည့်စုံတဲ့ အထောက်အထားမှတ်တမ်းတစ်ခု ဖြစ်ပါတယ်။ လက်ရှိ မြန်မာ့စီးပွားရေး အခြေအနေနဲ့ ရှေ့ဆက်ဘယ်လို ဆက်သွားသင့်သလဲ ဆိုတာနဲ့ပတ်သက်လို့ ကျွန်တော်တို့ရဲ့ အစိုးရတာဝန်ရှိသူတွေရော မြန်မာပြည်သူပြည်သားတွေပါ စဉ်းစားသုံးသပ်နိုင်ဖို့ အထူးရည်ရွယ်ထုတ်ပြန်ထားတဲ့ အစီရင်ခံစာဖြစ်ပါတယ်။ မသေချာမရေရာတဲ့ ပတ်ဝန်းကျင်အခြေအနေတစ်ခုမှာ ယနေ့ ကျွန်တော်တို့ တွေ့ကြံုနေရတဲ့ အဓိကကျတဲ့ စီးပွားရေးနဲ့ လူမှုရေးကိစ္စတွေကိုလည်း ဒီအစီရင်ခံစာမှာ လွှမ်းခြံုပါ၀င်နေတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။

နောက်ပြီး ဒီအစီရင်ခံစာဟာ ကျွန်တော်တို့ရဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေ၊ အထူးကျွမ်းကျင်သူတွေနဲ့ နီးနီးကပ်ကပ် ပူးပေါင်းတိုင်ပင်ပြီး ပြင်ဆင်ထားတာဖြစ်ပါတယ်။ ပြီးတဲ့နောက်မှာလည်း အဓိကနိုင်ငံတကာအဖွဲ့အစည်းကြီးတစ်ခုနဲ့ ကျွန်တော်တို့ဘက်က အတူ ပူးပေါင်း လုပ်ဆောင်နိုင်တယ်ဆိုတဲ့ အထောက်အထားသက်သေတွေကို ဒီအစီရင်ခံစာက ပံ့ပိုးပြသပေးပါတယ်။ နောက်ပြီး ဓမ္မဓိဋ္ဌာန်ကျသလို ယုံကြည်စိတ်ချရတဲ့ ရလဒ်တွေ ပေးတဲ့၊ နိုင်ငံတကာစံနှုန်းတွေနဲ့ ကိုက်ညီတဲ့ အစီရင်ခံစာတစ်ခုကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဒုတိယအနေနဲ့ကတော့ ကိစ္စရပ်တွေကို တကယ့် မှန်ကန်တဲ့ ရှုထောင့်ကနေ ထားကြည့်ပြီး ပြောရမယ်ဆိုရင် ကျွန်တော်တို့ရဲ့ နိုင်ငံ စီးပွားရေးသမိုင်းကြောင်းထဲက အချိန်တစ်ခုကို ကျွန်တော် ပြန်ပြောင်းပြောချင်ပါတယ်။ အဲဒီအချိန်ကတော့ ကျွန်တော်တို့လိုမျိုးပဲ ပညာရှင်တွေနဲ့ ကျောင်းဆရာဆရာမတွေဟာ သုတေသနလေ့လာချက် ဒါမှမဟုတ် အစီရင်ခံစာတစ်စောင်ကို ထုတ်တော့မယ်ဆိုရင် ကိုယ့်ဟာနဲ့ကိုယ် တည်းဖြတ် စိစစ်မှုတွေကို ၀ိုင်းဝန်းလုပ်ဆောင်ခဲ့ကြရပါတယ်။ ဒီလိုလုပ်တဲ့နေရာမှာ ကျွန်တော်တို့ရဲ့ အကြီးအကဲခေါင်းဆောင်ကို စိတ်ပျက်မသွားအောင်နဲ့ ယုစွအဆုံး သူ့ကို ကျေနပ်အားရသွားအောင်လို့ အထူးဂရုစိုက်လုပ်ခဲ့ရပါတယ်။

ဥပမာတစ်ခုအနေနဲ့ စင်ကာပူမှာ ကျင်းပတဲ့ ဒေသတွင်း အစည်းအဝေးတစ်ခုက အခြေအနေတစ်ခုကို ပြောချင်ပါတယ်။ အဲဒီမှာ အမေရိကန်ကိုယ်စားလှယ်အဖွဲ့က အဖွဲ့ဝင်တစ်ယောက်က မှတ်ချက်စကားတစ်ခွန်း ပြောခဲ့ပါတယ်။ ဒါကတော့ " “The Burmese tail is wagging the ASEAN dog.” ဆိုပြီး ပြောခဲ့ဖူးပါတယ်။ Dog ဆိုတဲ့ ခွေးတစ်ကောင်ဆိုတာက မြန်မာမှာကတော့ အမေရိကန်မှာလိုမျိုး တူညီတဲ့ လူမှု အဆင့်အတန်းမျိုး ရှိမနေပါဘူး။ ဒါကြောင့်လည်း နိုင်ငံကို ခွေးတစ်ကောင်နဲ့ ပညတ်လိုက်တာက ကျွန်တော်တို့ ခေါင်းဆောင်ကို စိတ်ဆိုးသွားစေနိုင်မှာပါ။ သူ့အတွက်ကတော့ ခွေး တစ်ကောင် ဆိုတာတင်မဟုတ်ပဲ ခွေးအမြီး ဆိုတာကိုတောင် လုံ့ဝ လက်ခံမှာမဟုတ်ပါဘူး။ ဒါကြောင့် ဒီမှတ်ချက်စကားကို " “the Burmese tail is wagging the ASEAN white elephant.” ဆိုပြီး ပြောင်းပေးလိုက်တာပိုကောင်းပါလိမ့်ဦးမယ်။ ဒါပေမယ့် မိချောင်းမင်း ရေခင်းပြဆိုတဲ့ အဲဒီလို idiom မျိုးကလည်း မြန်မာနိုင်ငံမှာတင်မဟုတ်ဘဲ ကမ္ဘာပေါ်က ဘယ်နေရာမှာမှ မရှိပါဘူး။

တရုတ် စီးပွားရေး ပြုပြင်ပြောင်းလဲမှုရဲ့ ဗိသုကာ တိန်ရှောက်ဖိန် ပြောခဲ့ဖူးတာရှိပါတယ်။ "ကြောင်ဆိုတာ အဖြူဖြစ်စေ၊ အမည်းဖြစ်စေ ကြွက်ခုတ်ဖို့ သည်သာ ပဓာန" ဆိုပြီး ပြောခဲ့ဖူးပါတယ်။

ဒီကနေ့ ကျွန်တော်တို့ လက်ရှိ အခြေအနေ နေ့ရက်တွေမှာတော့ ဒီ ပြောစကားကို " ကြွက်ဆိုတာ ဖြူသည်ဖြစ်စေ၊ မည်းသည်ဖြစ်စေ ကြောင်အခုတ်မခံရဖို့ အဓိက" ဆိုပြီးတော့တောင် ပြောကောင်းပြောရနိုင်ပါတယ်။

ခုဆိုရင် ကျွန်တော်တို့ရဲ့ အခြေအနေက မတူတော့ပါဘူး။ ကျွန်တော်ယုံကြည်ပါတယ်၊ ကျွန်တော်တို့ဆီမှာ တရားဝင် တွေးတော၊ ပြောဆို၊ လုပ်ဆောင်၊ ဖော်ထုတ်မှုတွေရဲ့လွတ်လပ်စွာ လုပ်နိုင်မှုအပိုင်းမှာ တိုးတက်မှုတစ်ချို့ရရှိထားပြီး ဖြစ်ပါတယ်။ အဲဒီလို တိုးတက်မှုမျိုးကို ဆက်ပြီး ထိန်းသိမ်းထားသင့်ပါတယ်။ ပြီးတော့ ဒီမိုကရေစီ အသိုင်းအဝိုင်းတစ်ခု ထူထောင်ဖို့ ကြိုးပမ်းနေတဲ့ နိုင်ငံတစ်နိုင်ငံမှာ ဒါကို အားကောင်းအောင်လုပ်သင့်ပါတယ်။ အထူးသဖြင့် သတင်းမီဒီယာလွတ်လပ်ခွင့်အပေါ် လေးစားလိုက်နာဖို့ ဖြစ်ပါတယ်။ ဒီ နယ်ပယ်ဧရိယာမှာ ကောင်းတဲ့ ရလဒ်တွေ ရလာအောင်လည်း ကမ္ဘာ့ဘဏ်နဲ့ ကျွန်တော်တို့ရဲ့ နိုင်ငံစုံ ဖွံ့ဖြိုးရေးပူးပေါင်းဘက်တွေက  ကျွန်တော်တို့နဲ့ လာရောက်ပူးပေါင်းကူညီပေးလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ထားပါတယ်။ ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်တို့ဟာ အလေးအနက် ကြိုးပမ်းအားထုတ်နေပါတယ်ဆိုတဲ့ ကနဦး ခိုင်မာယုံကြည်လောက်တဲ့ အထောက်အထားတွေကတော့ ကျွန်တော်တို့ ဆီကရော၊ ကျွန်တော်တို့ နိုင်ငံခေါင်းဆောင်တွေဆီကနေ ဖော်ထုတ်ပြသရမှာဖြစ်ပါတယ်။

တတိယအနေနဲ့ကတော့ တစ်ခြားနိုင်ငံအများစုလိုပဲ မြန်မာနိုင်ငံမှာကလည်း နိုင်ငံရဲ့ စီးပွားရေးအခြေအနေနဲ့ ရှေ့ဆက်ရမယ့် အစီအစဉ်တွေနဲ့ပတ်သက်လို့ အစီရင်ခံစာထုတ်ရာမှာ ဂျီဒီပီနဲ့ ယင်းရဲ့ အစိတ်အပိုင်းတွေကိုပဲ အာရုံတွေက လုံးလုံးလျားလျား စုပြံုကျရောက်နေပါတယ်။ တိုးတက်မှုနှုန်း မြင့်ပြီး ဂျီဒီပီ တိုးတက်မှ ပိုကောင်းမယ်လို့ ယုံကြည်ကြဟန်လည်းရှိပါတယ်။ ဒါက တကယ်မှန်သလား မမှန်ဘူးလားဆိုတာကိုလည်း ကာလကြာအခြေအတင် ဆွေးနွေးခဲ့ကြပြီး ဒီဆွေးနွေးမှုတွေကလည်း ပြီးခဲ့တဲ့ နှစ်တွေအတွင်း ပိုအရှိန်မြင့်လာခဲ့ပါတယ်။ ဂျီဒီပီနဲ့ပတ်သက်လို့ အလွန်အမင်း အတွေးထဲ နစ်မျောနေခြင်းက ကောင်းတော့ မကောင်းပါဘူး။ ဒီနေရာမှာ ပါမောက္ခ Kenneth Boulding ရဲ့ စကားတစ်ခွန်းကို ကျွန်တော် ကိုးကားပြောချင်ပါတယ်။ သူ့ရဲ့ စီးပွားရေး Text book ကလည်း ကျွန်တော် ရန်ကုန်တက္ကသိုလ် တက်တုန်းက အရမ်းကို အကျိုးရှိ အသိတိုးစေခဲ့တဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ ပါမောက္ခ Kenneth Boulding ကတော့ " ဆတိုး တိုးတက်မှုကို ယုံကြည်တဲ့ သူတစ်ဦးတစ်ယောက်ဟာ ကန့်သတ်ချက်ရှိ ကမ္ဘာတစ်ခုမှာ ထာဝရ နေထိုင်သွားနိုင်မှာဖြစ်ပြီး သူဟာ သူရူးတစ်ယောက် ဒါမှမဟုတ် စီးပွားရေးပညာရှင်တစ်ယောက် ဖြစ်တယ်" လို့ ပြောထားပါတယ်။

ဒါကြောင့် ခုချိန်မှာတော့ ပိုပြီး အလေးထားကြည့်ရှုသင့်တာက ၀င်ငွေ ခွဲဝေပြန့်နှံ့စေမှု ဖြစ်ပြီး ဒီနောက်မှာမှ ဂျီဒီပီ တိုးတက်မှုက ကပ်လိုက်ရမှာဖြစ်ပါတယ်။ဒါကြောင့် ဂျီဒီပီက တိုးတက်နိုင်ပါတယ်။ ၅ ဒသမ ၉ ရာခိုင်နှုန်းကနေ ၆ ဒသမ ၄ ရာခိုင်နှုန်းအထိ တိုးနိုင်ပါတယ်။ ဒါပေမယ့် ၀င်ငွေ ခွဲဝေပြန့်နှံ့စေမှုက မမျှတဘဲ မညီမမျှ ဖြစ်နေနိုင်ပါတယ်။ ဒီတော့ တိုးတက်မှုရဲ့ အကျိုးအမြတ်က လူအနည်းစုဆီကိုပဲ အများစုရောက်သွာနိုင်ပါတယ်။ အဲဒီလိုဆိုရင် ဂျီဒီပီ တိုးတက်မှုက ပြည်သူ အများစုရဲ့ ကောင်းကျိုးကို တိုးတက်စေဖို့ မဖြစ်နိုင်တော့ပါဘူး။ အထူးသဖြင့် နိုင်ငံက ဆင်းရဲနွမ်းပါးတဲ့သူတွေပါ။

ဒါကို စိတ်ထဲမှာ မှတ်ပြီး ကမ္ဘာ့ဘဏ် ဂရု(ပ်) ကို ကျွန်တော် အကြံပေးချင်ပါတယ်။ နောက်ထပ် စီးပွားရေး စောင့်ကြည့်အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံရဲ့ ၀င်ငွေခွဲဝေ ပြန့်နှံ့စေမှု ကိစ္စရပ်အပိုင်းကို ထည့်သွင်းစေချင်ပါတယ်။ တစ်ခြား အစီရင်ခံစာမှာ တင်ပြဆွေးနွေးထားခြင်း မရှိသေးဘူးဆိုရင်ပေါ့။

စတုတ္ထအနေနဲ့ကတော့  စီးပွားရေးရဲ့ ထုတ်လုပ်မှုနဲ့ ထွက်ရှိမှု ကဏ္ဍတွေနဲ့သက်ဆိုင်နေတဲ့ ဂျီဒီပီကို ထည့်ပြောတဲ့အပြင် စားသုံးမှုနဲ့ သုံးစွဲမှု ကဏ္ဍတွေကိုလည်း အလေးထားသင့်ပါတယ်။ ဒါမှလည်း ကျွန်တော်တို့ ပြည်သူတွေရဲ့ စီးပွားရေးအခြေအနေအတွက် ပိုကောင်းတဲ့ အိုင်ဒီယာတွေ ရရှိစေနိုင်မှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ခုနစ်နှစ်အကြာက " “Myanmar: Pattern of Household Consumption Expenditure” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးခဲ့ဖူးပါတယ်။ ဒါကိုလည်း ၁၉၈၆ နဲ့ ၂၀၀၁ ကြား ၁၅ နှစ်ကာလက အဖြစ်အပျက်ကို ရေးသားခဲ့ပါတယ်။

စီးပွားရေးမှာ အိန်ဂျယ်လ်ဥပဒေသ(Engel’s Law)လို့ ခေါ်တဲ့ ယေဘုယျအားဖြင့် လက်ခံထားတဲ့ စည်းမျဉ်းတစ်ခု ရှိပါတယ်။ ဒီ ဥပဒေသက မည်သည့်လူ့အဖွဲ့အစည်း ဒါမှမဟုတ် မည်သည့် နိုင်ငံမဆို ၀င်ငွေနိမ့်မိသားစု တစ်စုသည် အသုံးစရိတ်အချိုးအများစုကို စားနပ်ရိက္ခာ အတွက်အသုံးပြုရသည် ဆိုိတာ ဖြစ်ပါတယ်။ အဲဒီလိုနဲ့ ၀င်ငွေ မြင့်လာတော့ စားနပ်ရိက္ခာအတွက် အချိုးစားဝေစုက လျော့ကျလာပြီး အိမ်ယာ၊ လူသုံးကုန် တာရှည်ခံပစ္စည်းတွေ၊ သယ်ယူပို့ဆောင်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ အပန်းဖြေခြင်းနဲ့ မိသားစု ကောင်းကျိုးချမ်းသာဝန်ဆောင်မှု စတဲ့ အခြားကိစ္စတွေ ဝေစုတွေက မြင့်တက်လာပါတယ်။ ရန်ကုန်မှာဆိုရင် ဒီ ၁၅ နှစ်တာကာလအတွင်း အိမ်ထောင်စု စားနပ်ရိက္ခာ သုံးစွဲ ကုန်ကျစရိတ် ပုံစံကားချက်မှာ အများကြီး ပြောင်းလဲသွားတာမရှိပါဘူး။ စားနပ်ရိက္ခာမှာ သုံးစွဲတဲ့ အချိုးအစားဝေစုပမာဏက အရမ်းမြင့်ပါတယ်၊ အိမ်ထောင်စုရဲ့ စုစုပေါင်း သုံးစွဲမှုရဲ့ ၆၈ ရာခိုင်နှုန်းနဲ့ ညီမျှနေပါတယ်။ ဒါဟာ အာရှဒေသမှာတော့အမြင့်ဆုံးဖြစ်ပါတယ်။ နိုင်ငံအတွက်တော့ ၀င်ငွေ အရမ်းနိမ့်ကျမှုကို ညွန်ပြနေပါတယ်။

စားနပ်ရိက္ခာမဟုတ်တဲ့ ခေါင်းစဉ် nonfood category အတွက် ပြောရရင်တော့  စုစုပေါင်း nonfood အသုံးစရိတ်ထဲမှာ အလှူအတန်းနဲ့ ပွဲလမ်းသဘင် C&C အတွက် ဝေစုပိုင်းမှာ မြင့်တက်လာပြီး ဒါက သိသာတဲ့ ပြောင်းလဲမှုတစ်ခုဖြစ်ပါတယ်။ ၁၉၈၆ ခုနှစ်လောက်ဆိုရင် ရန်ကုန်က ပျမ်းမျှ မိသားစုတစ်စုက ဒီ item အတွက် တစ်လကို ၁၃ ကျပ် သုံးစွဲကြပါတယ်။ Nonfood category အောက်မှာ စာရင်းရှိတဲ့ ဒီ item ၁၆ ခုအနက် C&C ရဲ့ ဝေစုက ၁ ဒသမ ၃ ရာခိုင်နှုန်းရှိပြီး ဒါဟာ အဆင့် ၁၀ မှာဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ်အရောက်မှာတော့ C&C က ငွေသုံးစွဲမှုတွေရဲ့ အဓိက item ဖြစ်လာပါတယ်။ ဒီအပေါ်မှာ သုံးစွဲတဲ့ ပမာဏက ဒီ Nonfood category အသုံးစရိတ်စာရင်းမှာ တတိယချိတ်ပါတယ်။ သူ့အထက်မှာတော့ လောင်စာဆီ၊ မီးအလင်းရောင် နဲ့ ခရီးသွားလာမှုပဲ ရှိပါတယ်။ ၂၀၀၁ ခုနှစ်တုန်းက C&C ပိုင်းမှာ သုံးစွဲမှုပမာဏကတော့ အိမ်ငှားခ၊ အိမ်ပြင်ဆင်မှု၊ ပညာရေး၊ အဝတ်အထည်၊ ကျန်းမာရေး တို့မှာ သုံးစွဲတဲ့ အိမ်ထောင်စု အသုံးစရိတ်ထက် ပိုများနေပါတယ်။

ပျမ်းမျှ မြို့နေ ပြည်သူတစ်ယောက်ရဲ့ နေ့စဉ်ဘဝမှာ ဘာလို့များ ဒီ C&C က ပိုအရေးပါ အရာရောက်လာရတာလဲ ဆိုတဲ့အပေါ်မှာ ဖြစ်နိုင်ဖွယ်အကြောင်းရင်း အများအပြားရှိပါတယ်။ ဖြစ်နိုင်တာကတော့ မိသားစုတွေအနေနဲ့ ပိုပြီးတော့ ကောင်းကျိုးချမ်းသာရနိုင်မယ့် အလုပ်တွေကို လုပ်ဆောင်နေကြပြီး ဒါကလည်း မိသားစုတွေအနေနဲ့ ခုလက်ရှိဘဝထက် နောက်ဘဝကို ပိုစိတ်ဝင်စားယုံကြည်လို့ ဖြစ်ပါတယ်။ ဒါမှမဟုတ်ရင်လည်း ဖြစ်နိုင်တာက အိမ်ထောင်စုတွေဟာ အမျိုးမျိုးသော ပွဲလမ်းသဘင်တွေမှ တက်ကြွစွာ ပါ၀င်လာတာ (ပါ၀င်ဖို့ ဆွဲဆောင်ခံရတာ) ကြောင့် ဖြစ်နိုင်ပါတယ်။ ပျော်ပွဲရွှင်ပွဲတွေ၊ ပွဲတော်တွေ၊ လှည်းပြိုင်ပွဲတွေ၊ ဂီတဖျော်ဖြေပွဲတွေ၊ လူထု စည်းဝေးပွဲတွေ၊ ရိုးရာဓလေ့ပွဲတွေ ကတော့ ခုချိန်မှာလည်း ဆက်ပြီး တက်တက်ကြွကြွ ကျင်းပနေတာဖြစ်ပါတယ်။

အိမ်ထောင်စု ၀င်ငွေနဲ့ ထွက်ငွေအသုံးစရိတ် စစ်တမ်းမှာ နောက်ထပ်တွေ့ရှိရတာကတော့ မြန်မာနိုင်ငံ ဒေသအတော်များများက မိသားစုတွေရဲ့ ပျမ်းမျှဝင်ငွေတွေဟာ အိမ်ထောင်စုရဲ့စားသုံးမှု ထွက်ငွေကုန်ကျစရိတ်ကို ဖြည့်ဆည်းဖို့ မလုံလောက်ဘူးဖြစ်နေတာ ဖြစ်ပါတယ်။ ရန်ကုန်နဲ့ ဧရာဝတီတိုင်းဒေသကြီးတို့ကလွဲလို့ ကျန် ပြည်နယ်နဲ့ တိုင်း ၁၂ ခုမှာတော့ ပျမ်းမျှ အိမ်ထောင်စုတစ်စုရဲ့ လစဉ်ခန့်မှန်းဝင်ငွေဟာ စားသုံးမှု ကုန်ကျစရိတ်တွေကို ဖြည့်ဆည်းဖို့ မလုံလောက်ဘူး ဖြစ်နေပါတယ်။

သိပ်မကြာသေးတဲ့ကာလ ဥပမာအားဖြင့် ၂၀၁၀ နဲ့ ၂၀၁၆ အကြား ကာလအတွက် အိမ်ထောင်စု စားသုံးမှု ကုန်ကျစရိတ် ပုံစံကားချပ် လေ့လာချက်ကိုကျွန်တော် ပြင်ဆင်မွမ်းမံသွားချင်ပါတယ်။ ဗဟိုစာရင်းအင်းရုံးကလည်း ကမ္ဘာ့ဘဏ်ရဲ့ ကူညီ ပူးပေါင်းမှုနဲ့အတူ ဒီ အဆင့်မြှင့်တင်မှုကို လုပ်နေတယ်ဆိုတာ နားလည်ပါတယ်။ ဒါက ကောင်းတဲ့ မွမ်းမံပြင်ဆင်မှုတစ်ခုဖြစ်မယ်လို့လည်း ယုံကြည်ပါတယ်။ ကျွန်တော်တို့ နိုင်ငံက အခြေခံပြည်သူတွေရဲ့ ဘဝနဲ့ အလုပ်အကိုင် အခြေအနေအတွက် အသုံးဝင်မယ့် သတင်းအချက်အလက်တွေ ထောက်ပ့ံပေးနိုင်မယ်လို့လည်း ယုံကြည်ပါတယ်။

နောက်ဆုံးအနေနဲ့ ဒီ ၂၀၁၈ စီးပွားရေးစောင့်ကြည့်အစီရင်ခံစာ စာမျက်နှာ ၁၄ မှာ ဖော်ပြထားတာက "ကျွမ်းကျင်ဝန်ထမ်းလုပ်သား ရှာဖွေမှုမှာ အခက်အခဲ ပြဿနာတွေ ဆက်ရှိနေဆဲ" လို့ ပြောထားပါတယ်။ "ဘာကြောင့်ပါလဲ?" Brain drain ဦးနှောင်ယိုစီးမှု ဆိုတာက ဒီ့အတွက်အဖြေတစ်စိတ်တစ်ပိုင်း ဖြစ်နေနိုင်ဖွယ် ရှိပါတယ်။ ဒါ ဘာကြောင့်ဖြစ်ရတာလဲဆိုတော့ မြန်မာ လူ့အဖွဲ့အစည်းအတွင်း အစိုးရ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ စစ်ဘက်၊ ပညာရှင်တွေ၊ ပရောဖက်ရှင်နယ် စတဲ့ အသိုင်းအဝိုင်းထဲက လူ့မလိုင် ထိပ်သီးတွေရဲ့ သားတွေ သမီးတွေကတော့ များသောအားဖြင့် ပြည်ပမှာသွားရောက်အခြေချနေထိုင်ပြီး အဲဒီမှာပဲ လိုအပ်တဲ့ ကျွမ်းကျင်အရည်အချင်းတွေ သင်ယူကြပါတယ်။ သင်ယူပြီးတာနဲ့ ပြည်ပမှာပဲ နေထိုင် အလုပ်လုပ်ကိုင်ကြပါတယ်။

ရွှေ့ပြောင်းအခြေချသူများ ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း IOM ရဲ့ခန့်မှန်းချက်အရ  ၂၀၁၆ မှာ မြန်မာနိုင်ငံသား ၄ ဒသမ ၂၅ သန်းလောက် ပြည်ပနိုင်ငံတွေမှာ နေထိုင်နေကြတယ်လို့ ဆိုပါတယ်။ ခုလို ပြည်ပမှာ သွားရောက်နေထိုင်ရခြင်းရဲ့ အကြောင်းရင်းတွေထဲမှာဆိုရင် အိမ်နီးချင်းနိုင်ငံတွေမှာ လုပ်ခလစာ မြင့်မားမှုတွေလိုမျိုး ပါ၀င်နေသလို ပဋိပက္ခတွေကြောင့်ဖြစ်စေ၊ သဘာဝဘေးဒုက္ခလိုမျိုးကြောင့်ဖြစ်စေ အကြောင်းရင်းတွေကြောင့် ရွှေ့ပြောင်းနေထိုင်မှုတွေ ပါ၀င်နေပါတယ်။ တစ်ခြားအကြောင်းရင်းအချက်တွေလည်း ရှိနေပါသေးတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ရဲ့ ငယ်ရွယ်ပြီး တော်တဲ့အရည်အချင်းရှိတဲ့ လူငယ်တွေဟာ နိုင်ငံကနေ ထွက်ခွာသွားကြပါတယ်။ ဘာလို့လဲ ဆိုတော့ သူတို့လဲ ကျွန်တော်တို့လိုပဲ အသက်အရွယ်ရလာသူတို့တွေနဲ့အတူ ဒီက စီးပွားရေးမှာ ဘာတွေ ဆက်ဖြစ်မလဲ ၊ ဘယ်ကို ဦးတည်နေလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း မသိလို့ဖြစ်ပါတယ်။

ဒီ ၂၀၁၈ မေလ စီးပွားရေး စောင့်ကြည့် အစီရင်ခံစာ လိုပဲ နောက် ၂၀၁၉ မေလ နဲ့ နောက်ထပ် ရှေ့နှစ်တွေမှာ ထွက်လာမယ့် စောင့်ကြည့်အစီရင်ခံစာတွေက နိုင်ငံရဲ့ စီးပွားရေးနဲ့ လူမှုဆိုင်ရာ တိုးတက်မှုအတွက် ပိုမိုရှင်းလင်းပြတ်သားတဲ့ ရှုထောင့်အထင်အမြင်တွေကို ကူညီထောက်ပ့ံပေးမယ်လို့ ကျွန်တော် ယုံကြည်ထားပါတယ်။ ဒီကနေတဆင့် ကျွန်တော်တို့နိုင်ငံဆီ ငယ်ရွယ်တဲ့ ထက်မြတ်တဲ့ လူငယ်တွေကိုသာမကပဲ  ခုချိန်မှာ ဒီမှာကျန်နေရစ်တဲ့ မိသားစုရဲ့ စားဝတ်နေရေးကို ဖြည့်ဆည်းပေးဖို့ ပြည်ပထွက် ပင်ပန်းတကြီး အလုပ်လုပ်ကိုင်နေကြတဲ့ သန်းပေါင်းများစွာသော ကျွမ်းကျင်မှု လုံ့ဝ မရှိသေးတဲ့ လုပ်သားတွေရော၊ ကျွမ်းကျင်မှု အပြည့်အဝ မရှိသေးတဲ့ လုပ်သားတွေကိုပါ ကျွန်တော်တို့နိုင်ငံဆီ ပြန်ခေါ်နိုင်ပါလိမ့်မယ်။

 

Mizzima Weekly

Tags