အာဏာရှင် ဆူဟာတို ပြုတ်ကျပြီး နှစ် ၂၀ ကြာအထိ တရားမျှတရေးအတွက် စောင့်လင့်နေကြသော မိဘများ

အာဏာရှင် ဆူဟာတို ပြုတ်ကျပြီး နှစ် ၂၀ ကြာအထိ တရားမျှတရေးအတွက် စောင့်လင့်နေကြသော မိဘများ

 

ဂျကာတာ၊ မေ ၂၁ ။          ။ အင်ဒိုနီးရှားနိုင်ငံတွင် အာဏာရှင် ဆူဟာတို ပြုတ်ကျပြီးနောက် ဖြစ်ပွားသော ဆူပူမှုအဓိကရုဏ်းများအတွင်း သေဆုံးသည့် သားဖြစ်သူအတွက် တရားမျှတရေး ရရှိရန် အက်ရှီဝီဒိုဒိုမှာ သမ္မတအိမ်တော်ရာ အပြင်ဖက် အထိမ်းအမှတ်ဆုတောင်းရာသို့ သီတင်းပတ်တိုင်းနီးပါးပင် တက်ရောက်နေသူ မိခင်တစ်ဦး ဖြစ်သည်။

မေ ၂၀ ရက်မှာ အင်ဒိုနီးရှားနိုင်ငံတွင် ဗိုလ်ချုပ်ကြီးဟောင်း ဆူဟာတို ၁၉၉၈ ခုနှစ် ရာထူးက နုတ်ထွက်လိုက်ရသည့် နှစ် ၂၀ ပြည့်မြောက်ပဲ ဖြစ်သည်။ နိုင်ငံအတွင်း ဆူပူအုံကြွမှုများ၊ စားနပ်ရိက္ခာပြတ်လပ်မှု၊ ရူပီးငွေကြေး တန်ဖိုး ထိုးကျမှုနှင့် အလုပ်လက်မဲ့ဦးရေ ဖောင်းပွမှုတို့ဖြင့် စီးပွားရေးကပ်ဘေး အမြင့်ဆုံးရောက်ခဲ့ရာမှ ဆူဟာတို အုပ်ချုပ်မှု နိဂုံးသတ်သွားခြင်း ဖြစ်သည်။

ဆူဟာတို အုပ်ချုပ်ရေး မပြိုလဲမီနှင့် ပြိုလဲသွားပြီး လများအတွင်း ဖြစ်ပွားသော အဓိကရုဏ်းများနှင့် ဆန္ဒပြမှုများအတွင်း အသတ်ခံရသူပေါင်း ၁၀၀၀ ကျော်ထက်မနည်းရှိမည် ခန့်မှန်းရသည်။

ယခု မိခင်ကြီး ၀ီဒိုဒို၏ သားဖြစ်သူမှာလည်း ဆန္ဒပြမှုများကြား စစ်တပ်၏ ပစ်ခတ်မှုများကြား သေဆုံးခဲ့သည့် အင်ဂျင်နီယာကျောင်းသားတစ်ဦး ဖြစ်သည်။

“ကျွန်မ အဲဒီအချိန်က အလုပ်ထဲမှာပါ။ ဖုန်းလာတယ်။ သား ဆေးရုံ တင်ထားရတယ်ဆိုတဲ့ အကြောင်းပေါ့။ ချက်ချင်းပဲ သိလိုက်ပါတယ်။ သားကိုတော့ လက်လွတ်ဆုံးရှုံးလိုက်ရပြီဆိုတာကိုပါ။”ဟု ဆန္ဒပြကျောင်းသားများ သေဆုံးရခြင်းအတွက် အဖြေရရန် တောင်းဆိုကြသည့် အခြားသော မိဘများနှင့်အတူ ဆုတောင်းပွဲတွင် အတူရှိနေသည့် ၀ီဒိုဒိုက အေအက်ဖ်ပီသို့ ပြောသည်။

“ကျွန်မရဲ့ သားကို စစ်တပ်က သတ်တာ။”ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့်် ဆယ်စုနှစ် နှစ်ခုအတွင်း ပြည်သူ သန်း ၂၆၀ ရှိ နိုင််ငံတွင် ဒီမိုကရေစီအကူးအပြောင်းသို့ ကြံုတွေ့ရသော်လည်း အရှေ့တောင်အာရှ၏ အကြီးဆုံး စီးပွားရေးဖြစ်သော အင်ဒိုနီးရှားနိုင်ငံတွင် အကျင့်ပျက်ခြစားမှုနှင့် မညီမျှမှုများက တရွတ်ဆွဲနေဆဲဖြစ်သည်။

အာဏာရှင် ဆူဟာတိုမှာ ၁၉၆၅-၆၆ ခုနှစ်များတွင် ကွန်မြူနစ် ထောက်ခံအားပေးသူများ စွပ်စွဲချက်ဖြင့် လူအစုပြုံလိုက် သတ်ဖြတ်မှုများ ဖြစ်ပွားပြီးနောက် ၁၉၆၇ ခုနှစ်တွင် အာဏာသိမ်းခဲ့ခြင်း ဖြစ်ပြီး နိုင်ငံအား ဆယ်စုနှစ် သုံးခုကြာ အုပ်ချုပ်ခဲ့သူဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required