ဗြိတိန်တော်ဝင်မင်္ဂလာပွဲ ကုန်ကျစရိတ် ဘယ်လောက်ရှိသလဲ

ဗြိတိန်တော်ဝင်မင်္ဂလာပွဲ ကုန်ကျစရိတ် ဘယ်လောက်ရှိသလဲ
ဓာတ်ပုံ - AFP

 

မေ ၂၁ ။          ။ ဗြိတိန် မင်းသား ဟယ်ရီနဲ့ အမေရိကန်မင်းသမီး မက်ဂန် မာကဲလ် တို့ရဲ့ တော်ဝင်မင်္ဂလာပွဲ အခမ်းအနားအတွက် ကုန်ကျစရိတ်ကတော့ ခန့်မှန်းခြေအားဖြင့် ကန်ဒေါ်လာ ၄၅ သန်း ခန့်ရှိမယ်လို့ CBS က ထုတ်ပြန်ဖော်ပြပါတယ်။

ဒီပမာဏဟာ အတော့်ကို ကြီးမြင့်မယ်လို့ ဆိုနိုင်ပေမယ့်လည်း လွန်ခဲ့တဲ့ ၁၉၈၁ ခုနှစ်က ချားလ်မင်းသားနဲ့ ဒိုင်ယာနာ မင်းသမီးတို့ရဲ့ မင်္ဂလာပွဲတုန်းက ကုန်ကျခဲ့တဲ့ ကန်ဒေါ်လာ သန်း ၁၁၀ ခန့် (ငွေကြေးဖောင်းပွမှုနှုန်းနှင့် ချိန်ကိုက်ထားပြီး) နဲ့ ယှဉ်ရင် နည်းပါးနေသေးတယ်လို့လည်း CBS က ဆိုပါတယ်။

သို့ပေမယ့် မင်းသား ဟယ်ရီတို့ရဲ့ မင်္ဂလာပွဲ ကုန်ကျစရိတ်ကတော့ သူ့ရဲ့ အကိုဖြစ်သူ ၀ီလီယံ မင်းသား မင်္ဂလာဆောင်တုန်းက ကုန်ကျခဲ့တဲ့ ဒေါ်လာ ၃၄ သန်းထက်တော့ ပိုများနေပါသေးတယ်။

သို့ပေမယ့် ထူးခြားတာကတော့ ခု တော်ဝင် မင်္ဂလာပွဲ ကုန်ကျစရိတ်ရဲ့ အများစု ပမာဏ ဖြစ်တဲ့ ဒေါ်လာ သန်း ၄၀ လောက်ကိုတော့ လုံခြံုရေးအတွက် အသုံးပြုထားတယ်လို့ သိရပါတယ်။ အခမ်းအနားကျင်းပရာနေရာ၊ အဝတ်အစား၊ ဧည့်ခံကြိုဆိုရေး ဒါမှမဟုတ် အခမ်းအနားအပြင်အဆင် စတဲ့အပိုင်းတွေမှာ ငွေတွေ အများကြီး သုံးခဲ့တာမဟုတ်ဘဲ တက်ရောက်လာတဲ့ ဧည့်သည်တော်တွေနဲ့ အများပြည်သူတို့ရဲ့ ဘေးကင်းလုံခြံုရေးအတွက်ပဲ အဓိက အကုန်ကျခံအသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။

မင်္ဂလာပွဲကို လန်ဒန်မြို့ရဲ့ လူထူထပ်တဲ့ မြို့လယ်ခေါင် နေရာမျိုးမှာ မကျင်းပဘဲ ၀င်ဆာရဲတိုက်မှာ ကျင်းပခဲ့ရာမှာတော့ ဧည့်သည်တော် ထောင်နဲ့ချီ ဖိတ်ကြားခံခဲ့ရပါတယ်။ယင်းအပြင် ပွဲ့ကြည့်ပရိသတ် တစ်သိန်းလောက်လည်း လာရောက်စုရုံးခဲ့ကြတယ်လို့ ခန့်မှန်းရပါတယ်။

လုံခြံုရေး အစီအမံတွေထဲမှာတော့ အဆောက်အအုံခေါင်းမိုးပေါ်က စနိုက်ပါသမားတွေ ဖြန့်ကျက်မှု၊ လမ်းမတွေမှာ အရပ်ဝတ် ရဲတွေ တပ်ချထားမှု၊ အဖျက်အမှောင့် ဒရုန်း တားဆီးရေး စနစ်တပ်ဆင်မှုတို့ လိုမျိုးတွေ ပါ၀င်နေတယ်လို့ သိရပါတယ်။ ယင်းအပြင် သတို့သားဖြစ်တဲ့ ဟယ်ရီက စစ်ဘက်မှာ စစ်မှုထမ်းခဲ့တဲ့အတွက်ကြောင့်လည်း သူ့မင်္ဂလာဆောင်အတွက် လုံခြံုရေးကို ပိုမို ပြင်ဆင်ပေးခဲ့ရတယ်လို့လည်း သိရပါတယ်။

ကနဦး သတင်းတွေအရတော့ တော်ဝင်မိသားစုကပဲ ဒီမင်္ဂလာပွဲ ကုန်ကျစရိတ် တာဝန်ယူမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမယ့်လည်း သူတို့ တာဝန်ယူမှာကတော့ ဘုရားကျောင်း၊ တေးဂီတ၊ ပန်း၊ အခမ်းအနားအပြင်အဆင်နဲ့ ဧည့်ခံမှု တို့လိုမျိုး မင်္ဂလာပွဲရဲ့ အဓိက ပြင်ဆင်မှု အပိုင်းတွေမှာသာ ဖြစ်တယ်လို့ ဆိုပါတယ်။ ယင်းအတွက်ကြောင့် လုံခြံုရေးအတွက် ကုန်ကျစရိတ်ကိုတော့ အခွန်ထမ်းတွေကပဲ ကျခံသွားရဖွယ် ရှိနေပါတယ်။

ဒီနေရာမှာ သတို့သမီး ၀တ်ခဲ့တဲ့ ဂါ၀န် တန်ဖိုး ဘယ်လိုရှိသလဲ ခုထိတော့ တိတိကျကျ မသိရသေးပါဘူး။ ဒါပေမယ့်လည်း ဂါ၀န်ဖိုးက ဒေါ်လာ ထောင်သောင်းချီ ရှိနိုင်တယ်လို့ ဆိုပါတယ်။ သို့ပေမယ့် မင်းသားဝီလီယံရဲ့ ဇနီး ကိတ် ရဲ့ ၀တ်စုံလောက်တော့ တန်ဖိုးကြီးမှာမဟုတ်ဘူးလို့လည်း သိရပါတယ်။ ခုလို ဒီမင်္ဂလာပွဲမှာ သတို့သမီး ၀တ်စုံ တန်ဖိုးကြီးနိုင်တယ်ဆိုပေမယ့် ယင်းကျသင့်ငွေကို စုစုပေါင်း ကုန်ကျစရိတ်ထဲမှာ မထည့်ဘဲ မက်ဂန် ကိုယ်တိုင်တောင် ကျခံပေးကောင်းပေးခဲ့နိုင်တယ်လို့ သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly