အူရီဒူးမြန်မာမှ မန္တလေးတိုင်းအတွင်းရှိ ဘကကျောင်း ၁၀ ကျောင်းသို့ ကျပ်သိန်း ၂၀၀ စီ လှူဒါန်း

အူရီဒူးမြန်မာမှ မန္တလေးတိုင်းအတွင်းရှိ ဘကကျောင်း ၁၀ ကျောင်းသို့ ကျပ်သိန်း ၂၀၀ စီ လှူဒါန်း
(ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)

 

မန္တလေး၊ မေ ၂၁ ။             ။ အူရီဒူးမြန်မာမှ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၁၀ ကျောင်းကို တစ်ကျောင်းလျှင် ကျပ် သိန်း ၂၀၀ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

ထောက်ပ့ံငွေလှူဒါန်းခြင်း အခမ်းအနားအား မေလ ၂၁ ရက်၊နံနက် ၉ နာရီ၊၃၀မိနစ်က မန္တလေးမြို့၊ တောင်စလင်းကျောင်းတိုက်၊ မဟာအောင်မြေဓမ္မဗိမ္မာန်၌ ပြုလုပ်ခဲ့သည်။

"ကျွန်တော်တို့ တိုင်းပြည်ဟာ ပညာရေးအတွက် အများကြီး လိုအပ်ချက်တွေရှိနေပါတယ်။ ကျွန်တော်တို့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ အများကြီးလိုအပ်တယ်။ နှစ်ပေါင်းများစွာ ယိုယွင်းလာတဲ့စနစ်ကြီးကို ချက်ခြင်းကြီး ဥုံဖွလုပ်လို့လည်း မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့ယဉ်ကျေးမှုနဲ့လိုက်လျောညီထွေဖြစ်စေမယ့် ဘ/ကကျောင်းတွေ ကနေ ပြုပြင်ပေး တာဟာ ကျွန်တော်တို့တိုင်းပြည်ရဲ့ ပညာရေးစနစ်အတွက် အင်မတန်အားရစရာကောင်းတဲ့ လုပ်ငန်း ဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေရဲ့လိုအပ်ချက်တွေကို အမှန်အတိုင်းပြောရင် ကျွန်တော်တို့အစိုးရအနေနဲ့ ထောက်ပ့ံကူညီပေးဖို့ တာဝန်ရှိပါတယ်။ သို့သော် ကျွန်တော်တို့နိုင်ငံရဲ့အခြေအနေအရ ကျွန်တော်တို့အနေနဲ့ ပြည့်ပြည့်စုံစုံ ကျွန်တော်တို့လိုအပ်တဲ့ဟာလေးတွေကို မလုပ်ပေးနိုင်တဲ့အတွက် အခုလိုကုသိုလ်ရှင်များက မိမိတို့ရဲဲ့တစ်ပိုင်တစ်နိုင် တတ်နိုင်တဲ့နည်းလမ်းလေးတွေနဲ့ အခုလိုဝင်ရောက်အကူအညီပေးတာဟာ တကယ်ပဲ မင်္ဂလာရှိသလို အတုယူဖို့ကောင်းတယ်။ ကျွန်တော်နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပညာရေးပြုပြင်ပြောင်းလဲမှု တွေကို တစ်စိတ်တစ်ဒေသ ဝင်ရောက်ကူညီထောက်ပ့ံပေးတဲ့ အူရီဒူးနဲ့တကွ ဘ/ကကျောင်းများကို တိုးတက် ဖွံ့ဖြိုးအောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှလုပ်ဆောင်ပေးနေတဲ့ ဆရာတော်၊သံဃာတော်များကို ကျေးဇူးတင်ပါ တယ်"ဟု မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဌေးက ပြောသည်။

အူရီဒူးမြန်မာမှ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စဉ့်ကိုင်မြို့နယ်၊ မာန္ဒာရာမ ဥယျာဉ်လေး ပရဟိတ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊မြင်းခြံမြို့နယ်၊ဒူလဗိုလ် ရေလယ်ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ တံတားဦးမြို့နယ်၊ သီရိမင်္ဂလာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ရတနာမိုး ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း၊ ပညာပါရမီရွှေကျောင်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ပုသိမ်ကြီးမြို့နယ်၊ကျောင်းမကြီး ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊စဉ့်ကူးမြို့နယ်၊မြသိန်းတန် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၊အောင်မြေသာစံမြို့နယ်၊ ဖောင်တော်ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊မဟာအောင်မြေမြို့နယ်၊ ဇေယျဝတီဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့်ပြည်ကြီးတံခွန်မြို့နယ်၊ကောင်းမြတ်ရတနာ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများကို တစ်ကျောင်းလျှင် ကျပ်သိန်း ၂၀၀ နှင့် ကျပ်သိန်း ၂၀၀၀ ထောက်ပ့ံလှူဒါန်းခဲ့ခြင်း ဖြစ်သည်။

အူရီဒူးမြန်မာ၏ CEOဖြစ်သူ Mr. Vikram Sinha က"အူရီဒူးအနေနဲ့ဒေသနေလူထု၏ ပညာရေးဖွံ့ဖြိုးမှုအတွက် အခုလို ထောက်ပံ့လှူဒါန်းနိုင်ခြင်းအတွက် အခုဆိုရင် ကျောင်းသား၊ကျောင်းသူ ကလေးငယ်တွေဟာ ပိုမိုကောင်းမွန်တဲ့ သင်ယူမှုဝန်းကျင်ကောင်းရှိလာတော့မှာဖြစ်တဲ့အတွက် ပညာကို ပိုမိုကောင်းမွန်စွာ အာရုံစိုက်လေ့လာနိုင်တော့မှာဖြစ်ပါတယ်"ဟု ပြောသည်။

“ မိနစ်များများပြောလေ အူရီဒူးက များများလှူပေးလေ” အစီအစဉ်အရ အူရီဒူးမြန်မာအနေဖြင့် ပညာရေး၊ ကျန်းမားရေးကဏ္ဍများကို အထူးအလေးထား ထောက်ပ့ံလှူဒါန်းမှုများ   ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် MPT ၊ တယ်လီနော၊ MEC၊ အူရီဒူး ဖုန်းအော်ပရေတာများက ဆက်သွယ်ရေးကဏ္ဍတွင် ၀င်ရောက်လုပ်ကိုင်လျှက်ရှိပြီး မကြာမီ my tel က မကြာခင် စျေးကွက်အတွင်းဝင်ရောက်တော့မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly