တတိယအကြိမ် ၂၁ ပင်လုံကျင်းပမည့်ရက်ကို ဇွန်လနှောင်းပိုင်းသို့ ရွေ့ဆိုင်း

တတိယအကြိမ် ၂၁ ပင်လုံကျင်းပမည့်ရက်ကို ဇွန်လနှောင်းပိုင်းသို့ ရွေ့ဆိုင်း

 

ရန်ကုန်၊ မေ ၂၁ ။      ။ တတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံကျင်းပမည့်ရက်ကို ဇွန်လနှောင်းပိုင်းမှသာ ပြုလုပ်ရန် ရွှေ့ဆိုင်းထား ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) အဖွဲ့မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

“ ၂၁ ရာစုပင်လုံကို ကျွန်တော်တို့ဆုံးဖြတ်ထားပေမယ့် ပြင်ဆင်ချိန်၊  စီမံခန့်ခွဲတဲ့အချိန်က ကြပ်သွားလို့ နည်းနည်း ရွေ့လိုက်တဲ့သဘော။ ကျွန်တော်မှန်းတာကတော့ UPDJC အစည်းအဝေးရော လုပ်ငန်းကော်မတီ ရောဆိုရင် ကျွန်တော်တို့ရဲ့ နိုင်ငံတော်အကြီးအကဲမွေးနေ့ကလည်း ရှိတယ်ဗျ။ ၁၉ ရက်နေ့ ဇွန်လဆိုတော့။ အဲ့ဒီရက်လောက်မှာ ရောက်သွားနိုင်တယ်လို့တော့ တွက်တယ်ဗျ။ လကုန်ပိုင်းပေါ့”ဟု ၄င်းကဆိုသည်။

ရာစုပင်လုံကျင်းပရန် ပြင်ဆင်ရမည့်အချက်များနှင့် ရက်အတိအကျသတ်မှတ်နိုင်ဖို့ ပြည်ထောင်စုငြိမ်းချမ်းရေး ပူးတွဲကော်မတီ (UPDJC) ကို ၂၀၁၈ ခုနှစ် မေလကုန်ပိုင်းတွင် ကျင်းပမည်ဖြစ်ကြောင်းလည်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

ထို့ပြင် ၂၁ ပင်လုံကျင်းပမည့်ရက်ကိုရွှေ့ဆိုင်းရခြင်းမှာ NCA ထိုးထားသည့်တိုင်းရင်းသားဒေသတချို့တွင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲမကျင်း ပရသေးသည့် ကိစ္စများနှင့်လည်းမပတ်သက်ကြောင်း ၄င်းက ဆက်လက်ဆိုသည်။

၂၁ ပင်လုံတွင် တင်ပြမည့်အချက်များရရှိရန် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများကို ရှမ်းနှင့် ရခိုင်တို့တွင် မပြုလုပ်ရသေးခြင်းလည်း ဖြစ်သည်။

“ နိုင်ငံရေးဆွေးနွေးပွဲမကျင်းပရသေးတဲ့အဖွဲ့အစည်းက ခေါင်းဆောင်တွေကိုယ်တိုင်ကပြောပါတယ်။ မကျင်းပရ သေးတာက ပြသာနာမဟုတ်ပါဘူးတဲ့။ ဆက်လုပ်စရာရှိတာဆက်သွားပါလို့ အဲ့လိုခွင့်ပြုပြီးသားပါ” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ တတိယအကြိမ် အစည်းအဝေးအား ဧပြီလကုန် (သို့မဟုတ်) မေလဆန်းတွင် ကျင်းပရန် အစိုးရနှင့် အပစ်ရပ်လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့များအကြား NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM) တွင် ဖေဖော်ဝါရီ ၂၈ ရက်နေ့က သဘောတူထားခြင်းလည်းဖြစ်သည်။

တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) အရ ၂၁ ရာစုပင်လုံညီလာခံကို ၆ လတစ်ကြိမ် ကျင်းပရန် သတ်မှတ်ထားခြင်းလည်း ဖြစ်သည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ( ABSDF)၊ ရခိုင်အမျိုးသားလွတ်မြောက်ရေးပါတီ(ALP)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ဒီမိုကရေစီအကျိုးပြု တပ်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC) ၊ မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ လက်မှတ်ရေးထိုးထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly