မန်ယူမှထွက်ခွာမည်ဆိုခြင်းကို ငြင်းဆန်ခြင်းမပြုသော်လည်း ပီအက်စ်ဂျီသို့မပြောင်းဟု ပေါ့ဂ်ဘာပြော

မန်ယူမှထွက်ခွာမည်ဆိုခြင်းကို ငြင်းဆန်ခြင်းမပြုသော်လည်း ပီအက်စ်ဂျီသို့မပြောင်းဟု ပေါ့ဂ်ဘာပြော

 

မေ ၂၁၊ မန်ချက်စတာ။       ။ နွေရာသီတွင် မန်ချက်စတာယူနိုက်တက်မှ ထွက်ခွာမည်ဆိုခြင်းကို ငြင်းဆန်ခြင်းမပြုသော်လည်း ပီအက်စ်ဂျီအသင်းသို့ ပြောင်းမည်မဟုတ်ဟု ပေါ့ဂ်ဘာက ပြောသည်။

ပေါ့ဂ်ဘာ၏ မန်ယူနိုက်တက်အနာဂါတ်မှာ နည်းပြမော်ရင်ဟိုနှင့် ဆက်ဆံရေးအဆင်မပြေသောကြောင့် သံသယဖြစ်စရာ ကောင်းနေပြီး စိတ်ပျက်စရာကောင်းသည့်ရာသီအတွင်း ပေါင် ၈၉ သန်းတန်ကစားသမားမှာ မကြာခဏ အရန်ခုံထိုင်ခဲ့ရသည်။

မန်ယူနိုက်တက်က ချယ်လ်ဆီးကို ဝင်ဘာလေတွင်ရှုံးခဲ့သည့် အက်ဖ်အေဖလားဗိုလ်လုပွဲတွင်လည်း ခြေစွမ်းပြနိုင်ခြင်းမရှိသည့် ပြင်သစ်ကွင်းလယ်ကစားသမားက မော်ရင်ဟိုနှင့်ဆက်ဆံရေးကြောင့် စိတ်ပိုင်းဆိုင်ရာ အနှောက်အယှက် ရှိသည်ဟု ဝန်ခံပြောဆိုသည်။

ပြင်သစ်ရုပ်သံ Canal+ နှင့် တနင်္ဂနွေနေ့ကပြုလုပ်သည့် အင်တာဗျူးတွင် လာမည့်ရာသီတွင် မန်ယူနိုက်တက်ကစားသမား ဆက်ဖြစ်နေမည်ဟု အာမ မခံနိုင်ကြောင်း ပေါ့ဂ်ဘာက ပြောသည်။

“ဘယ်အရာကိုမှ သေချာပြောလို့ မရပါဘူး။ ကျွန်တော်ကစားခွင့်မရတဲ့အချိန်တွေ ရှိခဲ့ပါတယ်။ အရန်ခုံမှာပဲ ရှိနေခဲ့ရပါတယ်။ ဒါနဲ့ ပတ်သက်ပြီး အများကြီးပြောခဲ့ရပါတယ်။

လူတွေကတော့ မှားတယ်လို့ ထင်ချင်ထင်ကြမယ်။ ဒါပေမဲ့ နည်းပြနဲ့ ကစားသမားဆိုတာက သူငယ်ချင်းကောင်းဖြစ်လာဖို့ မရှိပါဘူး။ ပြဿနာတစ်ချို့ရှိခဲ့ပါတယ်။ စိတ်ပိုင်းဆိုင်ရာပေါ့။

ပီအက်စ်ဂျီကိုပြောင်းဖို့ဆိုတာလည်း မသေချာပါဘူး။ အမှန်အတိုင်းပြောရရင် ကျွန်တော့်ကို မကမ်းလှမ်းထားပါဘူး။ ကျွန်တော် ဒီမှာကြီးလာပြီး အဖေနဲ့ အမေက မာဆေးပရိသတ်ပါ။ ပဲရစ်က ကျွန်တော့်နေ့စဉ်ဘဝထဲမှာ မရှိပါဘူး”ဟု ပေါ့ဂ်ဘာက ပြောသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required