ဘော့စနီးယား၌ အငြင်းပွားဖွယ်ရာ လူထုစုဝေးပွဲပြုလုပ်ခဲ့သည့် တူရကီသမ္မတအာဒိုဂန်

ဘော့စနီးယား၌ အငြင်းပွားဖွယ်ရာ လူထုစုဝေးပွဲပြုလုပ်ခဲ့သည့် တူရကီသမ္မတအာဒိုဂန်

 

ဆာရာဂျီဗို၊ ဘော့စနီးယား၊ မေ ၂၁ ။      ။ လာမည့်လတွင်ကျင်းပမည့် တူရကီနိုင်ငံ၏ သမ္မတနှင့်ပါလီမန်ရွေးကောက်ပွဲအတွက် ဥရောပတစ်ဝန်းရှိ တူရကီလူမျိုးများကို မဲဆွယ်စည်းရုံးသည့် အခမ်းအနားများ ကျင်းပပြုလုပ်ခွင့်အား ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ များက တားမြစ်ထားချိန်တွင် တူရကီသမ္မတရီဆပ်တေယစ်အာဒိုဂန်သည် ဘော့စနီးယားနိုင်ငံသို့ တနင်္ဂနွေနေ့ က သွားရောက်ပြီး ရွေးကောက်ပွဲအတွက်မဲဆွယ်သည့်အနေဖြင့် လူထုစုဝေးပွဲပြုလုပ်ခဲ့သည်။

တူရကီလူမျိုးအများအပြားနေထိုင်ကြသော ဂျာမနီ၊ သြစတြီးယားနှင့် နယ်သာလန်နိုင်ငံတို့မှ အာဏာပိုင်များက တူရကီနိုင်ငံရေးသမားများအား ၄င်းတို့နိုင်ငံအတွင်း၌ လူထုစုဝေးပွဲနှင့် စည်းရုံးပွဲများပြုလုပ်ခွင့်ကို ပိတ်ပင်ထား သည့်အတွက် ဘော့စနီးယားနိုင်ငံမြို့တော် ဆာရာဂျီဗိုမြို့အား တူရကီတို့ဘက်မှ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

တူရကီနိုင်ငံသည် လာမည့် ဇွန်လ ၂၄ ရက်နေ့တွင် သမ္မတရာထူးနှင့် ပါလီမန်ရွေးကောက်ပွဲတို့ကို ကျင်းပသွား ဖို့စီစဉ်ထားပြီး ဂျာမနီ၌နေထိုင်သော တူရကီလူမျိုး ၁.၄သန်းခန့် အပါအဝင် ပြည်ပနိုင်ငံများ၌နေထိုင်သော တူရကီလူမျိုး ၃သန်းခန့်သည် ယင်းရွေးကောက်ပွဲ၌ ပါ၀င်မဲထည့်ခွင့် ရရှိထားသည်။

တူရကီခေါင်းဆောင်များ၏ဓာတ်ပုံများကိုကိုင်ဆောင်ပြီး အောင်လံတံခွန်များနှင့် ခေါင်းစည်းပဝါများကို ၀တ်ဆင် ထားသော တူရကီလူမျိုးများသည် တူရကီအလံများကိုဝှေ့ယမ်းပြီး လူထုစုဝေးပွဲကျင်းပရာ ဆာရာဂျီဗိုမြို့ရှိ ဇီထရာအိုလံပစ်ခန်းမသို့ တဖွဲဖွဲရောက်ရှိလာခဲ့ကြသည်။

ဒါ့အပြင် တူရကီနှင့် ဘော့စနီးယန်းဘာသာစကား ၂ မျိုးစလုံးနှင့်ရေးသားထားသော တူရကီသမ္မတအာဒိုဂန် အား ကြိုဆိုသည့်ဆိုင်းဘုတ်ကြီးကိုလည်း တွေ့မြင်ရသည်။

လူထုစုဝေးပွဲကျင်းပရာနေရာ၌ လုံခြံုရေးများတင်းကြပ်လျက်ရှိပြီး ဒေသတွင်းမီဒီယာများ၏အဆိုအရ လူပေါင်း ၂ သောင်းခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required