မကွေး၊ မေ ၂၁ ။ ။ အန္တရာယ်အရှိဆုံးအဆင့်ဟု သတ်မှတ်ခံထားရသည့် မဲဇလီကြိုးတံတားအား အသစ်ပြန်ဆောက်မည်ဖြစ်ပြီး တံတားအနီး ယာယီဘေလီတံတားတစ်စင်းကို တစ်လအတွင်း အမြန်တည်ဆောက်ပေးသွားမည်ဟု မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပို့ဆောင်ဆက်သွယ်ရေးနှင့်ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ပုသိမ်-မုံရွာလမ်း(မိုင်၂၉၅/၇-၂၉၆/၁)ကြားရှိ မဲဇလီတံတားသည် ပေအရှည်မှာ(၉၄၀ပေ)ရှိပြီး( RC တံတား -၅၄၀ ပေနှင့်ကြိုးတံတား ၄၀၀ ပေ)ရှိပြီး ကြိုးတံတားမှာ အန္တရာယ်အဆင့် သတ်မှတ်ခံရပြီးဖြစ်သဖြင့် ခရီးသည်များသွားလာမှုအန္တရာယ်မရှိ အဆင်ပြေရန် ယာယီတံတား တည်ဆောက်ပေးခြင်း ဖြစ်ကြောင်း တိုင်းဒေသကြီး ပို့ဆောင်ဆက်သွယ်ရေးနှင့်ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးတင်နွယ်ဦးက ပြောသည်။
" ယာယီတံတားကို အမြန်ဆောက်ဖို့လုပ်နေတယ်။ နေရာရွေးထားတာက တံတားအောက်ဘက် ပေ ၂၀၀၀ အကွာမှာ ။ လုပ်ငန်းစတင်ဖို့ ပစ္စည်းတွေစုနေပါတယ်။ ဒီတစ်ရက်၊ နှစ်ရက်အတွင်းစဆောက်တော့မှာပါ။ ယာယီဘေလီတံတား ကနေ ကားတွေ ပေးဖြတ်မယ်။ ဘေလီတံတားပြီးမှ မဲဇလီကြိုးတံတားကြီးက ကြိုးတွေဖြုတ်ချပြီး အသစ်ပြန်ဆောက်မယ်၊ တံတားအထူး(၅) ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးညီညီဇော်က ဦးဆောင်တည်ဆောက်နေတာပါ" ဟု ဝန်ကြီး ဦးတင်နွယ်ဦးကပြောသည်။
မြန်မာနိုင်ငံရှိ ကြိုးတံတား ၂၉ စင်းကို တရုတ်ပညာရှင် ၂၂ ဦး၏ အကူအညီဖြင့် စစ်ဆေးခဲ့ရာ မကွေးတိုင်းတွင်းရှိ မဲဇလီတံတားနှင့် မွန်ပြည်နယ်အတွင်းရှိ ဇာသပြင်တံတားနှစ်စင်းသည် လက်ရှိတွင် အန္တရာယ်အရှိဆုံး ဖြစ်သည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက မေလ ၁၆ ရက်က ပြောကြားထားသည်။
မဲဇလီတံတား၏ အခြေအနေမှာ Grade 5 အဆင့်ဖြစ်ပြီး ပြန်လည်ပြုပြင်မရသောအခြေအနေဖြစ်ပြီး အသစ်ပြန်လည်တည်ဆောက်ရမည့် အနေအထားဖြစ်ပြီး အဆိုပါတံတားကို ၂၀၀၇ ခုနှစ်က ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် တံတားအသစ်ဆောက်နေစဉ်အသုံးပြုနိုင်ရန် ပေ ရ၂၀အရှည် ယာယီဘေလီတံတားကို မဲဇလီချောင်း အကျယ်ပေ(၅၀၀)၊ရေအနက် ၁၃ ပေ၊ မူလကြိုးတံတားကြီးမှ ပေ ၂၀၀၀ အကွာနေရာတွင် တည်ဆောက်မည်ဖြစ်ကာ အချိန်တစ်လကြာမြင့်မည်ဟု ခန့်မှန်းထားသည်။
"ဒီတစ်ရက်၊ နှစ်ရက်အတွင်းစဆောက်တော့မှာပါ။ ယာယီဘေလီတံတားကနေ ကားတွေပေးဖြတ်မယ်။ ဘေလီတံတားပြီးမှ မဲဇလီကြိုးတံတားကြီးက ကြိုးတွေဖြုတ်ချပြီး အသစ်ပြန်ဆောက်မယ်" ဟု တံတားအထူး(၅) ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးညီညီဇော်က အတည်ပြုပြောသည်။
မူလ မဲဇလီကြိုးတံတားမှာ ချဉ်းကပ်လမ်း RC တံတားပေ(၅၄၀) နှင့် ကြိုးတံတား ပေ(၄၀၀) စုစုပေါင်း ပေ(၉၄၀)ရှိပြီး ကြိုးတံတား ပေ ၄၀၀ နေရာကို သံဘောင်တံတား Steel Box Girders ပြန်ဆောက်မည်ဖြစ်ပြီး ကြာမြင့်ချိန် ၆လခန့်မှန်းထားကြောင်း တံတား အထူး(၅) မှ သိရသည်။
မဲဇလီတံတားမှာ မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင်၊ပွင့်ဖြူမြို့နယ် ၊ ပုသိမ်-မုံရွာလမ်းမကြီးပေါ်ရှိ ၊မိုင် (၂၉၅/၇-၂၉၆/၁)ကြားတွင် တည်ရှိကာ ၂၀၀၄ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆောက်လုပ်ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် ဖွင့်လှစ်အသုံးပြုခဲ့သည့် ကြိုးတံတားတစ်စင်းဖြစ်သည်။
တစ်နိုင်ငံလုံးတွင် စုစုပေါင်း ကြိုးတံတား အစင်း ၃၀ ရှိပြီး ဧပြီလ ၁ ရက်နေ့ နံနက်ပိုင်းက မြောင်းမြမြို့နယ်၊ ကြိုးတံတားမှာ မြောင်းမြဘက်ကမ်း ဆိုင်းကြိုး ပြတ်တောက်ကာ တံတား ပြတ်ကျခဲ့ပြီး ကုန်ကား တစ်စီးနှင့် လူနှစ်ဦး ရေထဲမျောပါပြုတ်ကျခဲ့ပြီး လူသေဆုံးမှု ဖြစ်ပေါ်ခဲ့သည်။
ယခုလက်ရှိ စစ်ဆေးနေသည့် ကြိုးတံတား ၂၉ စင်းလုံး၏ အဆိုပါ တရုတ်ပညာရှင်အဖွဲ့က ဇူလိုင်လ ၃၁ ရက်နေ့ တွင် နောက်ဆုံးထားပြီး တင်ပြသွားမည်ဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ၄င်းတံတားအားလုံး၏ အခြေအနေ ကို အဆိုပါနေ့တွင် ထုတ်ပြန်ကြေညာသွားမည်ဟု သိရသည်။