ကုန်သွယ်ရေးစစ်ပွဲကို စွန့်လွှတ်ရန် အမေရိကန်နှင့်တရုတ် သဘောတူ

ကုန်သွယ်ရေးစစ်ပွဲကို စွန့်လွှတ်ရန် အမေရိကန်နှင့်တရုတ် သဘောတူ

တရုတ်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့သည် ကုန်သွယ်ရေးစစ်ပွဲမှန်သမျှကိုစွန့်လွှတ်ပြီး အခွန်စည်းကြပ် ကောက်ခံမည့် ခြိမ်းခြောက်မှုများကိုလည်း ရပ်တန့်ပစ်ရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း တရုတ်နိုင်ငံ၏ ဒုတိယဝန်ကြီးချုပ် Liu He က တနင်္ဂနွေနေ့တွင် ပြောဆိုခဲ့သည်။

၀ါရှင်တန်သို့ ယခုအပတ်တွင်သွားရောက်ခဲ့သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ခဲ့သူ Lui က “နှစ်ဖက်စလုံးက တာဝန်ရှိသူတွေဟာ အများဆန္ဒအရ ကုန်သွယ်ရေးစစ်ပွဲကို ဆင်နွှဲတော့မှာမဟုတ်ပဲ တစ်နိုင်ငံနဲ့တစ်နိုင်ငံအပေါ် အခွန်တိုးမြှင့်ကောက်ခံမယ့် အစီအစဉ်တွေကို ရပ်တန့်ပစ်တော့မှာဖြစ်ပါတယ်” ဟု ပြောဆိုခဲ့ကြောင်း တရုတ်နိုင်ငံပိုင် ရှင်ဟွာသတင်းအေဂျင်စီက တင်ပြခဲ့သည်။

အမေရိကန်၏ကုန်သွယ်ရေးလိုငွေပြမှုကို လျှော့ချနိုင်ရန်အတွက် အမေရိကန်မှသွင်းကုန်များကို အရှိန်မြှင့်တင် ယူဆောင်ဖို့ကိုလည်း တရုတ်တို့ဘက်မှသဘောတူညီခဲ့ကြောင်း နှစ်နိုင်ငံစလုံးက စနေနေ့က ကြေညာခဲ့သည်။

ဒါ့အပြင် ပေကျင်းနှင့် ၀ါရှင်တန်အစိုးရတို့သည် ကမ္ဘာ့ကုန်သွယ်ရေးစစ်ပွဲ ပေါ်ပေါက်လာခါနီးအထိဖြစ်စေခဲ့သည့် နှစ်နိုင်ငံကြား နှစ်စဉ်ကုန်သွယ်ရေးကွာခြားချက် အမေရိကန်ဒေါ်လာ ၃၃၅ ဘီလျံခန့်ကို နိဂုံးချုပ်စေနိုင်ရန် အတွက် အမေရိကန်ပြည်ထောင်စုမှ ကုန်ပစ္စည်းများကို တရုတ်တို့ဘက်မှ ပိုမိုတင်သွင်းနိုင်ဖို့ ဆက်လက်ဆွေးနွေးသွားရန် သဘောတူညီခဲ့ကြောင်းလည်း သိရသည်။

“တရုတ်နဲ့ အမေရိကန်ပြည်ထောင်စုတို့ကြားမှာ ကုန်သွယ်ရေးလိုငွေပြမှုတွေကို လျှော့ချနိုင်ဖို့အတွက် ထိရောက်တဲ့အစီအစဉ်တွေနဲ့အတူ လုပ်ဆောင်သွားဖို့ အများဆန္ဒအရ သဘောတူခဲ့ကြပါတယ်။ တရုတ်ပြည်သူ တွေရဲ့ သုံးစွဲမှုလိုအပ်ချက်မြင့်တက်လာမှုနဲ့ အရည်သွေးမြင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု လိုအပ်ချက်တို့နဲ့့ ကိုက်ညီမှုရှိအောင် တရုတ်အစိုးရအနေနဲ့ အမေရိကန်ပြည်ထောင်စုထံမှ ကုန်ပစ္စည်းနဲ့ဝန်ဆောင်မှုများကို ပိုမို ၀ယ်ယူဖို့ သဘောတူခဲ့ပါတယ်” ဟု နှစ်ဖက်တာဝန်ရှိသူများ၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

ယင်းကြေညာချက်သည် တရုတ်ပြည်မှ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် Liu He ဦးဆောင်သည့်အဖွဲ့နှင့် အမေရိကန်အစိုးရအဖွဲ့မှ ၀န်ကြီးများကြား ပြီးခဲ့သော ကြာသာပတေးနှင့်သောကြာနေ့တို့တွင် ပူးပေါင်းဆွေးနွေး ခဲ့သည့် ဆွေးနွေးပွဲမှ ထွက်ပေါ်လာသောအချက်အလက်များကို အနှစ်ချုပ်ဖော်ပြထားခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required