UNFC အရေးပေါ်ညီလာခံကို ဇူလိုင်လအတွင်းပြုလုပ်မည်

UNFC အရေးပေါ်ညီလာခံကို ဇူလိုင်လအတွင်းပြုလုပ်မည်
Photo-UNFC

ရန်ကုန်၊ မေ ၁၉ ။        ။ ညီညွတ်သော တိုင်းရင်းသား လူမျိုးများကောင်စီ (UNFC)  ၏ အရေးပေါ်ညီလာခံကို ဇူလိုင်လအတွင်း ကျင်းပရန် ရှိနေသည်ဟု UNFC မှ ပြောခွင့်ရပုဂ္ဂိုလ် ဦးထွန်းဇော်က ပြောသည်။

အဆိုပါညီလာခံတွင် UNFC ၏ မဟာဗျူဟာလုပ်ငန်းစဉ်များနှင့် အထွေထွေလုပ်ငန်းစဉ်များအပါအဝင် ရှေ့ဆက် လုပ်ဆောင်သွားမည့် အချက်များကို အဓိကထားဆွေးနွေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

“ ကျွန်တော်တို့ ရက်ချိန်းအတိအကျတော့မတွက်ရသေးဘူးပေါ့နော်။ ဇူလှိုင်လမှာ လုပ်မယ်ဆိုတဲ့ဆုံးဖြတ်ချက်အတိုင်းပဲရှိသေးတယ် “ ဟု ဦးထွန်းဇော်ကဆိုသည်။

UNFC အဖွဲ့ဝင်များဖြစ်သည့် မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားသည့် အဖွဲ့များဖြစ်ပြီး ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)က  အစိုးရနှင့် NCA ရေးထိုးရန်ဆွေးနွေး နေသည့်အဖွဲ့လည်းဖြစ်သည်။

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) မှာမူ UNFC  အဖွဲ့ဝင်ဖြစ်နေသေးသော်လည်း “၀” အဖွဲ့ဦးဆောင်သည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) တွင်လည်းပါ၀င်နေသည်။

လက်ရှိ UNFC တွင် မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ရခိုင်အမျိုးသား ကောင်စီ (ANC)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) (၅) ဖွဲ့ရှိနေပြီး အများစုမှာ တပ်မတော်နှင့် တိုက်ပွဲများ မဖြစ်ပွားသည်မှာကြာပြီလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags