ပင်လုံညီလာခံတက်ရန် FPNCC ကို တရုတ်တိုက်တွန်း

ပင်လုံညီလာခံတက်ရန် FPNCC ကို တရုတ်တိုက်တွန်း
Photo-FPNCC

ရန်ကုန်၊ မေ ၁၉ ။          ။ ကျင်းပရန်ရှိနေသည့် တတိယအကြိမ် ပင်လုံအစည်းအဝေးသို့ အစိုးရမှတက်ရောက်ရန် ဖိတ်ကြားလာပါက တက်ရောက်ရန်   “ ၀” အဖွဲ့ဦးဆောင်သည့် ပြည်ထောင်စုနိုင်ငံရေး   ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) ကို တရုတ်အစိုးရဘက်မှ တိုက်တွန်းပြောဆိုလိုက်သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အာရှရေးရာအထူးကိုယ်စားလှယ် Mr.Sun Guoxiang (မစ္စတာ ဆွန်ကော်ရှန်း) ၏ ဖိတ်ကြားချက်အရ မေလ (၁၈) ရက်နေ့ တရုတ်နိုင်ငံ၊ ကူမင်းမြို့သို့ FPNCC အဖွဲ့မှ ကိုယ်စားလှယ်ခေါင်းဆောင်များ သွားရောက်တွေ့ဆုံစဉ်တိုက်တွန်းလိုက်ခြင်းဖြစ်ကြောင်းသိရသည်။

တရုတ်-မြန်မာနယ်စပ်တည်ငြိမ်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်နှင့် လက်ရှိဖြစ်ပျက်နေသော နိုင်ငံရေး၊ ဒေသတည်ငြိမ်ရေးပြဿနာများကို  တွေ့ဆုံဆွေးနွေးအဖြေရှာသွားကြရန် လည်းတရုတ်ဘက်မှ တိုက်တွန်းကြောင်း FPNCC မှထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် နိုင်ငံရေး၊ စစ်ရေးပြဿနာများ၊ နယ်စပ်ဒေသတည်ငြိမ်ရေးကိစ္စများကို တွေ့ဆုံဆွေးနွေးအဖြေရှာရန် FPNCC အဖွဲ့ဝင်များအနေဖြင့် အဆင်သင့်ရှိသည်ကိုပြောဆိုခဲ့သည်ဟုလည်း အဆိုပါထုတ်ပြန်ချက်အရသိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ် မြို့တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် တရုတ်နိုင်ငံသားနှစ်ဦးသေဆုံးခဲ့သည့် အပြင် တရုတ်ပြည်အတွင်းသို့ကျည် ဆန်များကျရောက်ခဲ့သည့်အတွက် ခေါ်ယူတွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း အတည်မပြုနိုင်သေးသည့်သတင်းများက ဆိုသည်။

၀ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ (UWSA )၊ မိုင်းလားအဖွဲ့ (MNDAA ) ၊ ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO )၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA ) ၊ ရက္ခိုင့်တပ်မတော် (AA ) ၊ ပလောင်ပြည်နယ် လွတ်လပ်ရေးတပ်ဦး (PSLF/TNLA) တို့သည် FPNCC အဖွဲ့ဝင်များဖြစ်ကြပြီး အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်ရပ် လက်မှတ် (NCA) ရေးထိုးခြင်းမရှိသေးသည့်အဖွဲ့များလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags