ရာထူးမှထုတ်ပယ်ခြင်းကို ပြန်လည်စိစစ်ပေးရန် ထုတ်ပယ်ခံ အထက်တန်းကျောင်းအုပ်တောင်းဆို

ရာထူးမှထုတ်ပယ်ခြင်းကို ပြန်လည်စိစစ်ပေးရန် ထုတ်ပယ်ခံ အထက်တန်းကျောင်းအုပ်တောင်းဆို

ပုသိမ် မေ ၁၉ ။         ။ အရေးယူမှု လွဲမှားနေသည်ဆိုပြီး အရေးယူခံရသည့်  ဖျာပုံမြို့နယ်၊ ဒေါ်ငြိမ်းအထက်တန်းကျောင်းအုပ်ကြီးက တိုင်ကြားမှုကို ပြန်လည် စိစစ်ပေးရန်တောင်းဆိုထားသည်။   ငွေကြေးကောက်ခံသည့်တိုင်ကြားခံရမှုဖြင့် ဒေါ်ငြိမ်းအထက်တန်းကျောင်းအုပ်ကြီး ဦးကြည်သင်းကို ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနက ဧပြီလ၁၈ရက်နေ့တွင် ရာထူးမှ ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။

“အရေးယူမှုလွဲမှားနေတာလို့ ယူဆတဲ့အတွက် အမှုကိုပြန်လည်စစ်ဆေးပေးပြီးကျွန်တော်မှာ အပြစ်ရှိရင်ထုတ်ပယ်ယုံတင်မက တည်ဆဲဥပဒေတွေနဲ့အရေးယူပါ၊တစ်ဘက်က တိုင်ကြားသူတွေမှားယွင်းရင် တည်ဆဲဥပဒေအရအရေးယူပါ၊ ဒါတင်မကသေးဘူး အမှုကိုမှားယွင်းစွာ ဆုံးဖြတ်ခဲ့တယ်ဆိုရင်  မှားယွင်းဆုံးဖြတ်ခဲ့သူတွေ တာဝန်ရှိမယ်လိ့ုယူဆတာဖြစ်တဲ့အတွက် ဒါကိုလည်း ဥပဒေအရဆောင်ရွက်ပေးဖို့ တင်ပြပါတယ်”ဟုကျောင်းအုပ်ကြီးဦးကြည်သင်းကပြောသည်။

အထက်တန်းကျောင်းအုပ်ကြီးဦးကြည်သင်းသည် ကျောင်းအုတ်တံတိုင်းဆောက်လုပ်ရန်အတွက် အတန်းအသီးသီးမှ လှူစေခြင်း၊ ကျောင်းကွန်ကရစ်လမ်းခင်းခြင်းအတွက် ကျောင်းသားမိဘများထံမှ အလှူခံခြင်း၊ ဝါဆိုသင်္ကန်းကပ်လှှူရန် အတန်းအသီးသီးမှ အလှူခံခြင်း၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာအတွက် ၂၀၀၀ကျပ် ကောက်ခံခြင်းတို့ကြောင့် နိုင်ငံဝန်ထမ်း နည်းဥပဒေအခန်း(၁၅)နည်း ဥပဒေခွဲ(ဃ)အရ  ရာထူးမှ ထုတ်လိုက်သည် ဟု ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနက ဧပြီလ၁၈ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး မေလ၁၉ရက်နေ့ ပုသိမ်မြို့၊ ပညာပါရီကျောင်းတွင် ကျောင်းအုပ်ကြီးဦးကြည်သင်းက သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly