အရုပ်ဆိုး အကျည်းတန်သည့် အကြမ်းဖက် ဆန္ဒပြမှု များပြီးနောက် ဂျာမန်မီဒီယာနှင့် ထင်ပေါ်ကျော်ကြားသူများက ဒုက္ခသည်များကို ကြိုဆိုကြောင်း ဖော်ပြကြ

အရုပ်ဆိုး အကျည်းတန်သည့် အကြမ်းဖက် ဆန္ဒပြမှု များပြီးနောက် ဂျာမန်မီဒီယာနှင့် ထင်ပေါ်ကျော်ကြားသူများက ဒုက္ခသည်များကို ကြိုဆိုကြောင်း ဖော်ပြကြ
ဂျာမန်မီဒီယာသမားများက ဒုက္ခသည်များကို ကြိုဆိုကြောင်း ဆန္ဒပြနေကြစဉ်။ ဓာတ်ပုံ - naharnet.com

ဘာလင်၊ သြဂုတ်-၃၀ ။          ။ ဂျာမနီနိုင်ငံတွင် ယခုရက်သတ္တအတွင်း ဒုက္ခသည်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့သော်လည်း မီဒီယာနှင့် ထင်ပေါ်ကျော်ကြားသူများ၏ သတင်းစကားကမူ စစ်၏ ထိတ်လန့်သွေးပျက်ဖွယ်ရာများမျ ထွက်ပြေးလာသူ လူထုများအတွက် ကျယ်လောင်ပြီး ဆုံးဆုံးဖြတ်ဖြတ်နိုင်လှသည့် ကြိုဆိုမှုပင်ဖြစ်ပါသည်။

စနေနေ့ထုတ် Bild သတင်းစာတွင်မူ ရှေ့ဖုံးတွင် စာလုံးကြီးများဖြင့် ''ကျွန်ုပ်တို့ ကူညီနေတာပါ''ဟု ရေးသားထားသည်။

ဒုက္ခသည်များကိုကူညီရန် လူသိများသည့် ကုသိုလ်ဖြစ် လှုပ်ရှားမှုတစ်ခုကို လုပ်ဆောင်နေသည့် စာစောင်တစ်စောင်ကမူ ''ပြစ်တင်ညည်းညူနေသူများနှင့် နိုင်ငံခြားသားများ ရွံမုန်းသူများမှာ ကျွန်ုပ်တို့ကို ကိုယ်စားမပြု''ဟု ဖော်ပြခဲ့သည်။

ဥရောပတစ်ခွင်တွင် ဒုတိယကမ္ဘာစစ်နောက်ပိုင်းတွင် အကြီးမားဆုံး ရွှေ့ပြောင်းအခြေချ အကျပ်အတည်းနှင့် ရင်ဆိုင်နေရရာ ဂျာမနီမှာ ယခုနှစ်တွင် ယခင်ကမကြုံခဲ့ဖူးသည့် အရေအတွက် ခိုလှုံခွင့်ရှာဖွေသူ ၈၀၀,၀၀၀ ရောက်ရှိလာမည်ဟု ခန့်မှန်းရသည်။  

နာဇီအတိတ်၏ မည်းမှောင်သော အမွေအနှစ်နှင့်အတူ ဂျာမနီ၏ ကြွယ်ဝမှုမှာ အနှိပ်စက်ခံရသူများကို ဘေးကင်းလုံခြုံသော ခိုလှုံရာပေးရန် တာဝန်ရှိနေသည်ဟု အတော်များများက ယုံကြည်နေကြသော် လည်း လူတိုင်းမှာမူ နိုင်ငံအနှံ့အပြား မှိုလိုပေါက်နေသည့် ဒုက္ခသည်စခန်းများကိုကြည့်၍ စိတ်မချမ်းသာနိုင်ကြပေ။

အထူးသဖြင့် ပြန်လည်ပေါင်းစည်းပြီးနောက်တွင်လည်း အလုပ်အကိုင် အခွင့်အလမ်းတွင် အနောက်ဂျာမနီအဟောင်းထက် အပုံကြီး နောက်ကျကျန်နေရစ်ခဲ့သည့် ကွန်မြူနစ် အရှေ့ဂျာမနီအဟောင်းတွင် လကျ်ာစွန်း ဆန့်ကျင်သူများက ရွှေ့ပြောင်းအခြချများကို ပစ်မှတ်ထား၍ ၎င်းတို့၏ နေအိမ်များကို မီးရှို့ခြင်းများ၊ အကြမ်းဖက်ဆန္ဒပြမှုများ၊ တိုက်ခိုက်မှုများကို ပြုလုပ်လာခဲ့ကြသည်။

အရှေ့ပိုင်းမြို့ ဟိုက်ဒီနောမှာ ဂျာမနီ၏ ဒုက္ခသည်လှိုင်းလုံးကြီးကို စုပ်ယူရန်ရုန်းကန်မှု၏ ပြယုဂ်သင်္ကေတဖြစ်လာခဲ့ပြီး ပြီးခဲ့သည့် ရက်သတ္တပတ်က ရဲတပ်ဖွဲ့နှင့် ဒေသတွင်း ဒုက္ခသည်စခန်းသစ်ကို ဆန့်ကျင်နေကြသည့် လကျ်ာအစွန်းရောက် တက်ကြွလှုပ်ရှားသူများကြား အဓိကရုဏ်းများ ဖြစ်ပွားခဲ့ရာ ဒါဇင်ပေါင်းများစွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ယခုရက်သတ္တပတ်တွင် ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာ မာကဲက ဒုက္ခသည်စခန်းသို့ လာရောက်ခဲ့ရာ လူအုပ်ကြီးက သူမကို သစ္စာဖောက်ဟု အော်ဟစ်ဆန္ဒပြခဲ့ကြသည်။ သို့ရာတွင် မီဒီယာမျက်နှာစာတွင်မူ စာစောင်များ ရုပ်သံများက Bild သတင်းစာ၏ ဒုက္ခသည်များကို ကြိုဆိုမှုကိုသာ ပဲ့တင်ထပ်နေကြသည်။

သတင်းမဂ္ဂဇင်းတစ်စောင်ဖြစ်သည့် Der Spiegel က ယခုရက်သတ္တပတ်တွင် မတူခြားနားသည့် အဖုံးနှစ်ခုဖြင့် ထွက်လာခဲ့ရာ ပထမအဖုံးတွင် ''မှောင်မည်းသော ဂျာမနီ''ဟု မီးလောင်နေသည့် ဒုက္ခသည် စခန်းတစ်ခုပုံနှင့်ဖြစ်ပြီး နောက်အဖုံးတစ်ခုတွင်မူ ''တောက်ပသော ဂျာမနီ''ဟု ရွှေ့ပြောင်းအခြေချကလေးငယ်များ ကောင်းကင်ထဲသို့ မိုးပျံပူဖောင်းလွှတ်တင်နေပုံများကို ပြထားသည်။

''ကျုပ်တို့ ဘယ်လိုနေထိုင်မလဲဆိုတာ ကျုပ်တို့ပဲ ဆုံးဖြတ်ရမှာ။ ကျုပ်တို့ပဲ ရွေးချယ်ရမှာ''ဟု မဂ္ဂဇင်းက ပြောကြားထားသည်။

မြူးနစ်မြို့မှ Suddeutsche Zeitung သတင်းစာကမူ အသစ်ရောက်ရှိလာသည့် ဒုက္ခသည်များကို အဝတ်အထည်နှင့် အစားအစာများ မည်သို့လှူဒါန်းနိုင်သည်ကို စာဖတ်ပရိသတ်များအား လက်တွေ့လမ်း ညွှန်မှုများ ဖြန့်ဝေနေသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required