အင်ဒိုနီးရှားတွင် အသေခံဗုံးခွဲသူ အလောင်းများ မြှုပ်နှံမှု မြို့ခံပြည်သူများ လက်မခံဘဲ ကန့်ကွက်နေ

အင်ဒိုနီးရှားတွင် အသေခံဗုံးခွဲသူ အလောင်းများ မြှုပ်နှံမှု မြို့ခံပြည်သူများ လက်မခံဘဲ ကန့်ကွက်နေ

မေ ၁၉ ။           ။ အင်ဒိုနီးရှားနိုင်ငံတွင် ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း အသေခံဗုံးခွဲတိုက်ခိုက်မှုများ ဖြစ်ခဲ့ပြီးနောက် ယခုအခါ အဆိုပါ ဗုံးခွဲတိုက်ခိုက်သူများ၏ အလောင်းများ မြေမြှုပ်နှံရေးနှင့်ပတ်သက်၍ မြို့ခံများနှင့် တာဝန်ရှိသူများအကြား အတိုက်အခံ ဖြစ်နေကြကြောင်း သိရသည်။

ယခုအခါ အင်ဒိုမြို့တစ်ခု၏ ဒေသခံများက ၎င်း အသေခံဗုံးခွဲတိုက်ခိုက်သူများ၏ အလောင်းများကို ၎င်းတို့ မြို့တွင်း သချင်္ိုင်း၌ လက်ခံမြုှပ်နှံခွင့်မပေးဘဲ ကန့်ကွက်ဆန့်ကျင်နေလျက်ရှိကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

နိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ ဆူရာဘာယာတွင် ပြီးခဲ့တဲ့ ရက်ပိုင်းက ခရစ်ယာန်ဘုရားကျောင်းများနှင့် ရဲစခန်းတို့ အသေခံတိုက်ခိုက်ခံခဲ့ရပြီး လူပေါင်း ဒါဇင်နှင့်ချီ သေဆုံးခဲ့ရသည်။

တိုက်ခိုက်သူများမှာ မိသားစုနှစ်စုမှ မိသားစုဝင်များဖြစ်ကြောင်းနှင့် ၎င်းတို့ထဲတွင် အသက် ကိုးနှစ် နှင့် ၁၂ နှစ်အရွယ် မိန်းကလေးငယ်များပင် ပါ၀င်နေခဲ့ကြောင်း သက်ဆိုင်ရာက ဖော်ထုတ်နိုင်ခဲ့သည်။ ယင်းအပြင် ၎င်းတို့သည် ပြည်တွင်းရှိ အစွန်းရောက်အကြမ်းဖက်အဖွဲ့နှင့် အချိတ်အဆက်ရှိသူများဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

ယခုအခါ အဆိုပါ အသေခံဗုံးခွဲတိုက်ခိုက်သူများ၏ အလောင်းများကို ကျန်ရစ်သူ ဆွေမျိုးများက လာရောက် ယူဆောင်ခြင်း မရှိဟု သိရသည်။ ယင်းအတွက်ကြောင့် ရဲများက အဆိုပါအလောင်းများကို မြို့တွင်း သချိုင်းတစ်ခုတွင် မြုှပ်နှံရန် စီစဉ်ခဲ့သော်လည်း သက်ဆိုင်ရာဒေသခံများက လက်မခံဘဲ ဆန့်ကျင်နေကြောင်း သိရသည်။

" ခုတော့ ဒီ စျာပနာပွဲတွေကို လုပ်မယ့် အစီအစဉ် ကျွန်တော်တို့ ဆိုင်းငံ့ထားရပါတယ်" ဆိုပြီးအရှေ့ဂျာဗားရဲတပ်ဖွဲ့ အကြီးအကဲ မက်ချ်ဖက်ဒ် အရီဖင်က ပြောသည်။

" ခုချိန်မှာ ကျွန်တော်တို့ ပြည်သူတွေ ဘယ်လိုခံစားနေရလည်း ကျွန်တော်တို့ပဲ နားလည်နိုင်ပါတယ်၊ ဒီ တိုက်ခိုက်မှုဖြစ်စဉ်တွေမှာ သေဆုံးသွားသူတစ်ယောက်က ကျွန်တော်တို့ ဒီနယ်ခံတစ်ယောက်ပဲလေ၊ ဟော၊ ခုကျတော့ ဗုံးခွဲသမားတွေကိုလည်း ဒီမှာပဲ လာမြုှပ်ကြတော့မယ်ပေါ့၊ ဘယ်ဖြစ်မလဲဗျ၊ ကာယကံရှင် မိသားစုဝင်တွေတောင်မှ သူတို့အလောင်းတွေ လာမယူချင်ကြတာ၊ ဘာလို့ ဒီမှာ သူတို့ကို မြုှပ်ပေးရမှာတုန်း" ဆိုပြီး ယူနက်စ်အမည်ရ ဒေသခံတစ်ဦးက ပြောသွားသည်။

ယင်းကိစ္စနှင့်စပ်လျင်း၍ ညှိနှိုင်းရန် ဆူရာဘာယာမြို့တော်ဝန် တီရီ ရီစ်မာဟာရီနီကတော့ လက်ရှိအချိန်မှာ သက်ဆိုင်ရာ မွတ်ဆလင် ဘာသာရေးကောင်စီနှင့် ဆွေးနွေးနေလျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required