တရုတ်စျေးကွက်ကြောင့် မြန်မာရှိ တောဆင်ရိုင်းသတ်ဖြတ်မှုများ တစ်ဟုန်ထိုး တက်လာဟုဆို

တရုတ်စျေးကွက်ကြောင့် မြန်မာရှိ တောဆင်ရိုင်းသတ်ဖြတ်မှုများ တစ်ဟုန်ထိုး တက်လာဟုဆို
ဧပြီ ၃ ရက် နံနက် ၁ဝ နာရီ ခွဲက တိုက်ကြီးမြို့နယ် ချင်းကုန်းအုပ်စု ဂျိုးဖြူရေလှောင်ကန် မြောက်ဖျား၌ အရေခွံခွာ၊ နှာမောင်းဖြတ် ထားသော ပုပ်ရိနေသော ဆင်သေတစ် ကောင်ကို  တွေ့ရစဉ်။ ဓာတ်ပုံ- သစ်တောဌာန

နေပြည်တော်၊ မေ ၁၉  ။          ။ တရုတ်နိုင်ငံမှ ၀ယ်လိုအားစျေးကွက်ကြောင့် နိုင်ငံတွင်းရှိ တောဆင်ရိုင်းသတ်ဖြတ်မှုများ ၂၀၁၄ ခုနှစ်မှစပြီး တစ်ဟုန်ထိုး တက်လာသည်ဟု သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်က ပြောသည်။

“အခုပွင့် ပွင့်လင်းလင်းပြောရရင် ဘာကြောင့် ဒီလောက်တက်လာသလဲဆိုတဲ့ ကိန်းဂဏန်းက ဒီမှာ ပြောလို့မရဘူး။  ဒါပေမယ့်တရုတ်စျေးကွက် တစ်ခုတည်းပဲ ရှိတယ်။ Sure တရုတ်စျေးကွက်ပဲ ” ဟု ဦးကျော်ကျော်လွင်က ပြောကြားသည်။

ယနေ့ မေလ ၁၇ ရက်နေ့က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန တွင် ကျင်းပပြုလုပ်သော နိုင်ငံတော် အစိုးရ၏ ပြည်သူ့အတွက် ဒုတိယ (၁)နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေဆိုခဲ့ခြင်းဖြစ်သည်။

တောဆင်ရိုင်း သေဆုံးမှုများကို နှစ်များအလိုက် စစ်တမ်းကောက်ယူထားရာတွင် ဓမ္မတာ အတိုင်းသေဆုံးခြင်းနှင့် သတ်ဖြတ်ခံရခြင်းဟု နှစ်မျိုးခွဲခြားထားပြီး ၂၀၁၄ ခုနှစ်တွင် ဓမ္မတာအတိုင်း သေဆုံးသည့်ကောင်ရေ ၂၅ကောင်၊ သတ်ဖြတ်ခံရသည့်ကောင်ရေ (၇)ကောင်။ ၂၀၁၅တွင် ဓမ္မတာအတိုင်း သေဆုံးကောင်ရေ ၁၅ကောင်၊ သတ်ဖြတ်ခံရကောင်ရေ ၂၀ ။ ၂၀၁၆တွင် ဓမ္မတာအတိုင်းသေဆုံး ၁၈ ကောင် နှင့် ၂၀၁၇ ခုနှစ်တွင် သေဆုံးမှုအများဆုံးရှိခဲ့ကာ ဓမ္မတာအတိုင်းသေဆုံးမှုကောင်ရေ  ၁၃ကောင်နှင့် သတ်ဖြတ်ခံရသည့်ကောင်ရေ ၄၆ ကောင်ထိ ရှိကြောင်း သိရသည်။

“၂၀၁၈ ဧပြီနဲ့ မေ ၊ ၂ လ အတွင်းမှာကို သတ်ဖြတ်ခံရတာကို ၁၁ ကောင်ရှိလာပါတယ်။  ဒါကြောင့် တောဆင်ရိုင်းသတ်ဖြတ်မှုက တစ်ပတ်ကိုတစ်ကောင် ဓမ္မတာ သေဆုံးတာပါ အပါအဝင်ပေါ့။ တစ်ပတ်ကို တစ်ကောင်နှုန်းလောက်ဆိုရင် နောင်အနှစ် ၂၀ ၊ ၃၀လောက်မှာ ကျွန်တေ်ာတို့ရဲ့ တောဆင်ရိုင်းရဲ့ Population က အရမ်းကို ကျသွားနိုင်ပါတယ်” ဦးကျော်ကျော်လွင်က ပြောသည်။

ဆင်များအား အဆိပ်လူးမြှား၊ အားပြင်းသည့် ရိုင်ဖယ်များဖြင့် အများဆုံးပစ်ခတ်သတ်ဖြတ်ကြပြီး သေဆုံးပြီး နောက် သားရေများ၊ အစွယ်များ၊ အခြားခန္ဓာကိုယ်အစိတ်အပိုင်းများကို   ပြည်တွင်းပြည်ပသို့ ပို့ရောင်းချကြသည်။

ဆင်၏ အရေပြားအပါအဝင် ဆင်ခန္ဓာကိုယ်အစိတ်အပိုင်းများသည် တရားမဝင်စျေးကွက်အတွင်း၌ ၀ယ်လိုအား မြင့်မားနေခြင်းကြောင့် မြန်မာနိုင်ငံသည် ဆင်များကို အမဲလိုက်သတ်ဖြတ်ရာ အဓိကနေရာတစ်ခုဖြစ်လာနေကာ တရုတ်-မြန်မာ နယ်စပ်သည် အဓိက မှောင်ခိုစျေးကွက်ဖြစ် လာနေသည်။

အဆိုပါ သတ်ဖြတ်မှုများကို ဖမ်းဆီးရာတွင်  ရန်ကုန်တိုင်း ၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် အများဆုံးဖမ်းမိခဲ့ခြင်းဖြစ်ပြီး ၂၀၁၆ခုနှစ်တွင် တရားခံ ၃၂ ဦး၊ ၂၀၁၇ ခုနှစ်တွင် ၅၆ ဦးနှင့် ယခု ၂၀၁၈ခုနှစ်တွင် တရားခံ ၁၀ဦးကို အမှုခြောက်မှုနှင့် ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အစိုးရနှင့် ပုဂ္ဂိလိက ပိုင်ဆင် ၅၅၀၀ ရှိသည်ဟု သိရသော်လည်း တောဆင်ရိုင်းများကိုမူ နိုင်ငံတွင်းတွင် အများဆုံးရှိသည့်နေရာဖြစ်သော ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း ၊  ပဲခူးတိုင်း အပြင် ဟူးကောင်းချိုင့်ဝှမ်းကဲ့သို့သော လုံုခြုံရေးအရ သွားလာရေးခက်ခဲသည့် ဒေသများတွင် စစ်တမ်းကောက်ယူမရသည့်အတွက်ကြောင့့် ၄င်းဆင် အရေအတွက်ကို မခန့်မှန်းမသိရှိနိုင်ကြောင်း ဦးကျော်ကျော်လွင်ကပြောသည်။

တောဆင်ရိုင်းများကို ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် အများဆုံးသတ်ဖြတ်ခြင်း ခံနေရပြီး၊ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်တွင် ရခိုင်ရိုးမနှင့် ထိစပ်လျက်ရှိနေသည့် ပုသိမ်၊ ငပုတောနှင့် သာပေါင်း မြို့နယ်များတွင် တောဆင်ရိုင်းများ သတ်ဖြတ်ခံရမှု အများဆုံးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required