တက္ကဆက် စာသင်ကျောင်း ပစ်ခတ်မှု ၁၀ ဦးသေ

တက္ကဆက် စာသင်ကျောင်း ပစ်ခတ်မှု ၁၀ ဦးသေ

မေ ၁၉ ။            ။ အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်က အထက်တန်းကျောင်းတစ်ကျောင်းမှာ ယမန်နေ့ မေလ ၁၈ ရက်က သေနတ်ပစ်ခတ်မှု ဖြစ်လို့ လူ ဆယ်ဦး သေဆုံးသွားပြီး အခြား ဆယ်ဦး ထိခိုက်ဒဏ်ရာ ရသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ကျူးလွန်သူကတော့ အသက် ၁၇ နှစ်အရွယ် ကျောင်းသားတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာတော့ ၎င်းကျောင်းသားဟာ ခြောက်လုံးပြူး၊ ပြောင်းရှည်သေနတ်တို့ကို ကျောင်းကို ယူလာပြီး ကျောင်းဝင်းတွင်းမှာ ပစ်ခတ်ခဲ့တာကြောင့် ကျောင်းသားအများစုအပါအဝင် လူ ဆယ်ယောက် သေဆုံးခဲ့ရတာဖြစ်ပါတယ်။

 ဒါဟာ အမေရိကန်နိုင်ငံမှာ နောက်ဆုံး ကြံုတွေ့လိုက်ရတဲ့ လူအသေအပျောက်အများဆုံး စာသင်ကျောင်း ပစ်ခတ်မှုဖြစ်စဉ်လည်း ဖြစ်လာခဲ့ပါတယ်။

ဟူစတန်မြို့ရဲ့ အရှေ့တောင်ဘက် မိုင် ၃၀ အကွာမှာရှိတဲ့ ဆန်တာဖေး အထက်တန်းကျောင်းမှာဖြစ်ခဲ့တဲ့ ယင်းပစ်ခတ်မှုဖြစ်စဉ်မှာတော့ ကျူးလွန်တဲ့ သေနတ်သမားဖြစ်သူက အသက် ၁၇ နှစ်အရွယ် ဒီမီထရီယိုစ် ပါဂေါ့ဇစ် ဆိုသူဖြစ်တယ်လို့ ထုတ်ဖော်ထားပါတယ်။

 ၎င်းကိုတော့ ရဲက ဖမ်းဆီးထိန်းသိမ်းထားလိုက်ပြီ ဖြစ်ပြီး လူသတ်မှုစွဲချက်တွေနဲ့ တင်ထားလိုက်ပြီဖြစ်ပါတယ်။ ၎င်းအနေနဲ့ အများဆုံး သေဒဏ်အထိ ကျခံသွားရနိုင်ခြေရှိကြောင်းလည်း သိရပါတယ်။

သေနတ်သမားဖြစ်သူ လူငယ်ကျောင်းသားဟာ သူ့ဖခင်ဆီကနေ အဆိုပါ သေနတ်တွေကို ယူလာပြီး ဒီတိုက်ခိုက်မှုကို ကျူးလွန်သွားတာဖြစ်ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး ဂရက် အက်ဘော့က ပြောပါတယ်။

အဆိုပါ ကျောင်းသားမှာတော့ ယခင်က ပြစ်မှုမှတ်တမ်းမျိုး ရှိမနေတဲ့အပြင် ၎င်းနဲ့ပတ်သက်လို့ အန္တရာယ်သတိပေးချက်တွေလည်း ထုတ်ထားခြင်းလည်း မရှိခဲ့ကြောင်း အက်ဘော့က ပြောပါတယ်။ ဒါပေမယ့်လည်း ယခုပစ်ခတ်မှု မဖြစ်ခင်တုန်းကတော့ ၎င်းဟာ ဖေ့ဘွတ်ခ် စာမျက်နှာပေါ်မှာတော့ "လူသတ်ဖို့ မွေးဖွားလာတာ" ဆိုတဲ့ စကားလုံးတွေကိုတော့ ရေးတင်ထားခဲ့သေးတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required