ကင်ဂျုံးအွန်က တိုင်းပြည်ကို ဆက်လက်အုပ်ချုပ်နိုင်စေမည်ဟု ထရမ့် ကတိပေး

ကင်ဂျုံးအွန်က တိုင်းပြည်ကို ဆက်လက်အုပ်ချုပ်နိုင်စေမည်ဟု ထရမ့် ကတိပေး

ဝါရှင်တန်၊ မေ ၁၈ ။           ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကင်ဂျုံးအွန်နှင့် ထိပ်သီးအစည်းအဝေးကို လမ်းကြောင်းမလွဲစေရေး ကြိုးစားမှုအဖြစ် မေ ၁၇ ရက်တွင် မြောက်ကိုရီးယားခေါင်းဆောင်အနေဖြင့် နျူကလီးယားလက်နက်များ စွန့်လွှတ်လိုက်ရသော်လည်း အာဏာဆက်လက် ရှိနေမည်ဖြစ်ကြောင်း အာမခံပေးပြောကြားသည်။

လာမည့်လအတွင်း ကျင်းပရန် စီစဉ်ထားသည့် ခေါင်းဆောင်နှစ်ကြားက သမိုင်းဝင်ထိပ်သီးအစည်းအဝေး အလားအလာ အတိမ်းအစောင်း ရှိလာနိုင်သည့် အခြေအနေတွင် ထရမ့်က အစည်းအဝေးသာ အောင်မြင်ခဲ့ရင် ကင်ဂျုံးအွန်အနေဖြင့် အလွန်ခိုင်မာသည့် အကာအကွယ်ကို ရမည်သာ ဖြစ်ကြောင်း သတင်းထောက်များအား ပြောကြားခြင်း ဖြစ်သည်။

“သူ့နိုင်ငံတွင်းမှာပဲ သူဆက်ရှိရမယ်။ နိုင်ငံကို ဆက်လက်စီမံအုပ်ချုပ်ရပါမယ်။ သူ့နိုင်ငံဟာလည်း ချမ်းသာလာမှာ ဖြစ်တယ်။”ဟု ထရမ့်က ပြောသည်။

သို့သော်လည်း အဆိုပါ ကတိစကားသည် ဒီမိုကရေစီ အရေးနိမ့်မည်ဆိုလျှင် ကင်ဂျုံးအွန်အနေဖြင့် လစ်ဗျားခေါင်းဆောင် ကဒါဖီကဲ့သို့ ဖြုတ်ချခံရပြီး သူပုန်များ၏ သုတ်သင်ခြင်း ခံရသည့် ကံကြမ္မာမျိုး အလားတူခံစားရနိုင်သည်ဟု သတိပေးချက်တစ်ရပ်ကြားက ထွက်ပေါ်လာခြင်းပဲ ဖြစ်သည်။

ဇွန် ၁၂ ရက် စင်ကာပူတွင် ကျင်းပရန် ရှိသော အဆိုပါ ထိပ်သီးအစည်းအဝေးအတွက် အမေရိကန်သည် နျူကလီးယား စွန့်လွှတ်ရေးကိုပဲ တစ်ဖက်သတ် တောင်းဆိုနေခြင်းကို ရှုတ်ချကာ မြောက်ကိုရီးယားဖက်က သွေးအေးလာသည့် အခြေအနေတွင် ထရမ့်၏ မှတ်ချက်စကားများ ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

ကင်ဂျုံးအွန်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ကြိုးဆွဲမှုဖြင့် သဘောထားအပြောင်းအလဲ ဖြစ်ပေါ်နေပုံရကြောင်းလည်း ထရမ့်က ကောက်ချက်ချခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required