လာဘ်စားမှုဖြင့် FDA ညွှန်ချုပ်ကို လေးကြိမ်မြောက်ရုံးထုတ်

လာဘ်စားမှုဖြင့် FDA ညွှန်ချုပ်ကို လေးကြိမ်မြောက်ရုံးထုတ်

မေ ၁၈ ။         ။ အဂတိလိုက်စားသည်ဟုဆိုကာ ဖမ်းဆီးခံထားရသည့် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန (FDA) ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်ကို မေလ ၁၈ ရက်၊မွန်းလွဲ ၁နာရီက မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တွင် လေးကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့သည်။

ယနေ့ရုံးချိန်းတရားခွင်မှအထွက်တွင် ၎င်းအနေဖြင့် ဆောက်လုပ်ရေး ကုမ္ပဏီထံမှ အကျိုးအမြတ်တစ်စုံတစ်ရာ အကျိုးအမြတ်ရယူခဲ့ခြင်း မရှိကြောင်း မီဒီယာသမားများကိုပြောသည်။

"အဓိကကတော့ ဓာတ်ခွဲခန်းဆောက်တာနဲ့ ပတ်သတ်ပြီး တင်ဒါလုပ်တာ မမှန်ဘူးတဲ့။ အဲ့ဒီကနေ ကုမ္မဏီဆီက အကျိုးအမြတ်ယူတယ်တဲ့။ အဲ့ဒါပဲ စွပ်စွဲချက်က အဲ့ဒီတော့ ဒီဓာတ်ခွဲခန်းကို တည်ဆောက်ဖို့ဆိုရင် ဘဏ္ဍာငွေတင်ရတယ်။ တင်ရင် ခုနှစ်ဆင့်ရှိတယ်။ဒါ့ကြောင့် ဘဏ္ဍာငွေပိုတင်ပြီး ဆုံးရှုံးမှုမရှိဘူး။ ဒုတိယအချက်က တင်ဒါရွေးချယ်ရာမှာတစ်ယောက်တည်း   ရွေးလို့မရဘူး။ ကော်မတီအဆင့်ဆင့်ဖွဲ့ပြီးရွေးရတယ်။ ကော်မတီအဆင့်ဆင့်ရွေးပြီး အဆင့်အမြင့်ဆုံးဝန်ကြီးရုံးက အတည်ပြုရတာ။ဒါ့ကြောင့် မျှတစွာရွေးချယ်ထားတာဖြစ်တယ် "ဟု ဒေါက်တာသန်းထွဋ်ကပြောသည်။

ဆက်လက်၍ ၎င်းက ဆောက်လုပ်သည့် ဓာတ်ခွဲခန်းမှာ ကမ္ဘာ့အဆင့်မီအဆောက်အဦဖြစ်ကာ အမေရိကန်၊ဂျာမနီ၊ကုလသမဂ္ဂ စသည့်အဖွဲ့များမှ ပညာရှင်များက၆ ကြိမ်တိတိ စစ်ဆေးခဲ့ပြီး တည်ဆောက်ခဲ့ခြင်းဖြစ်သည့်အပြင် အမေရိကန်အခြေစိုက် အဖွဲ့အစည်းတစ်ခုကလည်း ISO 17025 ပေးထားကြောင်း ဆိုသည်။

ဆက်လက်၍ ၎င်းက "ဘဏ္ဍာတွေ ပိုတင်လို့လည်းမရဘူး။တင်ဒါလည်းမျှတစွာ လုပ်ခဲ့တယ်။ထွက်လာတဲ့ အဆောက်အဦကလည်း ကမ႓ာ့အသိအမှတ်ပြု အဲ့ဒါဆိုရင် ဘယ်မလဲ ဘဏ္ဍာငွေဆုံးရှုံးမှု။ အဖွဲ့နဲ့ ပေးထားတဲ့အတွက် ကျွန်တော်က လုပ်ပိုင်ခွင့်ရှိသူမဟုတ်ဘူး"ဟု စွပ်စွဲခံနေရမှုနှင့်ပတ်သက်၍ရှင်းပြသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ ထုတ်ပြန်ချက်ထဲတွင် ၄င်းပိုင်ဆိုင်သည့်မြေကွက်ပေါ်ရှိ နေအိမ်အတွက် လိုအပ်သည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် နေအိမ်အတွင်း အသုံး အဆောင်ပစ္စည်းများအားလည်းကောင်း၊ ၄င်းပိုင်ဆိုင်သည့် အခြားမြေကွက်ပေါ်တွင် ခြံစည်းရိုး ကာရံခြင်း၊ တစ်ထပ်တိုက်နေအိမ်တစ်လုံး၊ ကားဂိုဒေါင်ပါ နှစ်ထပ်အိမ်တစ်လုံး၊ ဂိတ်တဲတစ်လုံး၊ ရေကူးကန် တစ်ခုနှင့် ရေပန်းတစ်ခုတို့အားလည်းကောင်း စုစုပေါင်း တန်ဘိုးငွေကျပ် ၁၅၁,၄၃၉,၇၈၆/- (ကျပ်သိန်းတစ်ထောင့် ငါးရာကျော်)ကို အဆောက်အဦများ ဆောက်လုပ်ရန် တင်ဒါအောင်မြင်သည့် ကုမ္ပဏီထံမှ တောင်းခံရယူခဲ့သည်ဟုပါရှိသည်။

အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန (FDA)မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်အား လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြုသည်ဟုဆိုကာ ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ ဖြင့် အမှုဖွင့်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး မေလ ၄ ရက်နေ့မှစတင်၍ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တွင် စစ်ဆေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly