ရှစ်လေးလုံး ပြတိုက် ပေါ်ပေါက်ရေးအတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှပူးပေါင်း ကူညီမည်

ရှစ်လေးလုံး ပြတိုက် ပေါ်ပေါက်ရေးအတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှပူးပေါင်း ကူညီမည်

ရန်ကုန်၊ မေလ ၁၈ ။            ။ နှစ်ပေါင်း ၃ဝ နီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်သည့်် ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံကာလမှ လှုပ်ရှားမှုမှတ်တမ်း များ၊ ဖြိုခွင်းအရေးယူခဲ့သည့် အကြောင်းများအား သမိုင်းမှတ်တမ်းအဖြစ် စနစ်တကျ မှတ်တမ်းတင်ပြသနိုင်ရေးအတွက် ရှစ်လေးလုံး ပြတိုက် ပေါ်ပေါက်ရန် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ပူးပေါင်းကူညီသွားမည်ဖြစ်ကြောင်း သိရ သည်။

ယနေ့ မေလ ၁၈ ရက်၊ ရန်ကုန်၊ အမျိုးသားပြတိုက်တွင် ပြုလုပ်ခဲ့သည့် ၂ဝ၁၈ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့ အခမ်းအနားတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ချုပ်က မီဒီယာများမေးမြန်းမှုကို ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ ပြတိုက်တစ်ခုချင်းတစ်ခုချင်းစီမှာ အဖွဲ့တွေ ရှိပါတယ်ခင်ဗျ။ သူတို့ရဲ့ အဖွဲ့တွေက အဓိကတော့ ဒီမိုကရေစီ တော်လှန်ရေး စတင်တဲ့အနေအထားကို အဲ့ဒီကာလအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေကို ခင်းကျင်း ပြသမယ်ဆိုတာကို ကျွန်တော်တို့ သိရှိရပါတယ်။ အသေးစိတ်ကတော့ ကျွန်တော်တို့ မညှိနှိုင်းရသေးပါဘူး။ ပြတိုက်အနေနဲ့လည်း အခုတော့ မြေနေရာ ရရှိနေပြီလို့ ထင်ပါတယ်။ ရရှိပြီးတော့မှ ကျွန်တော်တို့က ပြတိုက်ရဲ့ ခင်းကျင်းပြသမယ့် အဖွဲ့တွေ အလိုက်ပေါ့နော်။ အစီအစဉ်တွေ ဆွဲရမယ်။ ဆွဲပြီးမှ ပြတိုက်ရဲ့ အဆောက်အအုံကို ထပ်ရေးဆွဲဖို့ရှိပါတယ်။ ကျွန်တော်တို့လည်း ဒါတွေကို ပူးပေါင်းကူညီဆောင်ရွက်ပေးမှာပါ”ဟု ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က ပြောသည်။

ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ပြီးခဲ့သည့် ၂ဝ၁၅ ခုနှစ်မှ စတင်ပြီး ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံသမ်ိုင်း ယာယီပြတိုက်အဖြစ် ဖွင့်လှစ်ထားသည်။

 ပြတိုက်အဖြစ် အခိုင်အမာရပ်တည်ဖွင့်လှစ်နိုင်ရေးအတွက် လက်ရှိချိန်ထိ မြန်မာနိုင်ငံတွင် ပြတိုက်ဥပဒေမှာ ပြဋ္ဌာန်းထားခြင်း မရှိသေးဘဲ ပြန်ကြားရေးဝန်ကြီးဌာနမှ စီမံခန့်ခွဲသည့် ပြပွဲနှင့် ပြတိုက်များဥပဒေမှာ ယာယီ ပြပွဲများ ခင်းကျင်းပြသခြင်းနှင့်သာ အဓိကသက်ဆိုင်ကြောင်း သိရသည်။

ထိုသို့ ပြတိုက်ကြီးများ တည်ထောင်ဖွင့်လှစ်နိုင်ရန် ဥပဒေပိုင်းဆိုင်ရာ ပေါ်ထွက်လာစေရေးအတွက် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ပြီးခဲ့သည့် ၁ဝ နှစ်ခန့်မှ စပြီး ပြင်ဆင်ခဲ့ကြောင်း ညွှန်ကြားရေးမှူး ချုပ်ဦးကျော်ဦးလွင်က ပြောသည်။

“ နှစ်စဉ်နှစ်တိုင်း၊ ပြောင်းလဲနေတဲ့ ခေတ်ကာလရေစီးကြောင်းနဲ့အညီ ဆောင်ရွက်ရတာဖြစ်တဲ့အတွက် ပြတိုက် ဥပဒေက အခုဆိုရင် ပြီးစီးနေပြီဖြစ်ပါတယ်။ မကြာခင်လွှတ်တော်တင်ပြပြီးတော့ အတည်ပြုချက် ရယူနိုင်တော့ မှာဖြစ်ပါတယ် ”ဟု ၎င်းကပြောသည်။

ရှစ်လေးလုံးပြတိုက်ပေါ်ပေါက်လာရေးအတွက် မြေနေရာ၊ အဆောက်အဦးကိစ္စများအပြင် သမိုင်းဆိုင်ရာ အထိမ်းအမှတ်များကို ပြသထားနိုင်ရေးအတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပညာရှင်များ ကလည်း ဝိုင်းဝန်းကူညီပေးမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ၂ဝ၁၆ ခုနှစ်၊ ဇူလိုင်လ ၂ဝ ရက်နေ့က ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုက ရှစ်လေးလုံး ယာယီပြတိုက်သို့ လာရောက်စဉ် ပြောကြားသွားမှုများရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required