ကွန်ဂိုတွင် အီဘိုလာရောဂါဖြစ်ပွားမှု မြန်ဆန်စွာ ပြန့်နှံ့လာနေ၍ စိုးရိမ်ပူပန်မှု မြင့်တက်

ကွန်ဂိုတွင် အီဘိုလာရောဂါဖြစ်ပွားမှု မြန်ဆန်စွာ ပြန့်နှံ့လာနေ၍ စိုးရိမ်ပူပန်မှု မြင့်တက်

မေ ၁၈ ။            ။ ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံမှာ အီဘိုလာရောဂါ ဖြစ်ပွားမှုနှုန်း မြန်ဆန်စွာ ပြန့်နှံ့လာနေလျက်ရှိရာ လက်ရှိအခြေအနေမှာ စိုးရိမ်ပူပန်စရာ ကောင်းနေပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထုတ်ပြန်သတိပေးခဲ့သည်။

နိုင်ငံ၏ အနောက်မြောက်မြို့ အမ်ဘန်ဒါကာတွင် အီဘိုလာဗိုင်းရပ်စ်ပိုး ပထမဆုံးအကြိမ် တွေ့ရှိခဲ့ပြီးနောက် နိုင်ငံတွင် ရောဂါဖြစ်ပွားမှု ပြန့်နှံ့နှုန်း ပိုမိုမြင့်တက်လာနေပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အဆိုပါ ရောဂါပိုး တွေ့ရှိသူများနှင့် ထိတွေ့ဆက်ဆံထားမိသည့် အခြားလူပေါင်းရာနှင့်ချီ ရှိနေနိုင်သည့်အတွက် ထပ်မံကူးစက်ပြန့်ပွားနိုင်ခြေ မြင့်တက်နေပြီဖြစ်ကြောင်း သိရသည်။

" ခုလောလောဆယ် လူ ၃၀၀ ကျော်လောက် ဒီ အီဘိုလာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူတွေနဲ့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ထိတွေ့ထားပြီးပြီ ဖြစ်တယ်လို့ ကျွန်တော်တို့ခန့်မှန်းရပါတယ်" ဟု ယင်းမြို့က ဆရာဝန်တစ်ဦးက ပြောသည်။

နိုင်ငံတွင် ကိုးကြိမ်မြောက်အဖြစ် ယခု အီဘိုလာဖြစ်ပွားမှုမှာ ဝေးလံခေါင်းပါးသည့် ဘီကိုရိုဧရိယာတွင် အခြေပြုဖြစ်ပွားနေခဲ့ခြင်း ဖြစ်သည်။

ယခုလက်ရှိအချိန်ထိ နိုင်ငံတွင် ရောဂါဖြစ်ပွားမှု ဖြစ်စဉ် ၄၄ ခုထက်မနည်း ရှိနေပြီဟု သိရပြီး ၂၃ ဦးသေဆုံးထားပြီးဖြစ်ကြောင်း WHO က ထုတ်ပြန်ထားသည်။

တစ်ချိန်တည်းမှာပင် ယင်းနိုင်ငံ၏ အီဘိုလာ ပြန့်ပွားမှု အခြေအနေနှင့်ပတ်သက်၍ WHO က အရေးပေါ် အစည်းအဝေးတစ်ခု ပြုလုပ်သွားရန် ရှိနေသည်။ အဆိုပါ ကွန်ဂိုနိုင်ငံသို့ အီဘိုလာကာကွယ်ဆေးအလုံးပေါင်း ၄,၀၀၀ ပေးပို့ထားပြီးဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required