ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ မြန်မာနိုင်ငံမှာ အမှုဖွင့်နိုင်ရေး စီစဉ်

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ မြန်မာနိုင်ငံမှာ အမှုဖွင့်နိုင်ရေး စီစဉ်
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(မေလ ၁၇ရက်၊ ၂၀၁၇ခုနှစ်)။ ။ ဘင်္ဂလား့ဒေ့ရှ်ဘက်မှ ဒုက္ခသည်များအနေဖြင့် ၎င်းတို့ဘက်မှ နစ်နာမှုရှိပါက အမှုဖွင့်တိုင်ကြားနိုင်သည့် အခွင့်အရေးရအောင် မြန်မာအစိုးရက ကူညီဆောင်ရွက်ပေးရန် စီစဉ်နေသည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောဆိုလိုက်သည်။

ယခုအစီအစဉ်သည် လူတစ်ဦးချင်း တာဝန်ခံရမည့်အစား အဖွဲ့အစည်းတစ်ခုလုံးအပေါ် စွပ်စွဲခံနေရသဖြင့် အမှန်တစ်ကယ်ကျူးလွန်သူကိုသာ အပြစ်ပေး အရေးယူနိုင်ရန် စီစဉ်ရခြင်းဖြစ်သည်ဟု နေပြည်တော်တွင် မေလ ၁၇ရက်က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

“အမှန်မှာတော့ Indivitual (တစ်ဦးချင်း) အမှုဖွင့်ရမှာ၊ စွပ်စွဲရမှာ။ ဒါပေမယ့် အဖွဲ့လိုက် နာမည်ပျက်တယ်။ ဥပမာအားဖြင့် တပ််မတော် ဘာဖြစ်တယ်။ ဘယ်သူက ဘာဖြစ်တယ် စသဖြင့် အဖွဲ့လိုက်ကြီးကို စွပ်စွဲမှုတွေ ရှိနေတယ်။ အဖွဲ့လိုက် စွပ်စွဲတာထက် တကယ်ကျူးလွန်တဲ့သူသည် သူ့အပြစ်ကို ခံရမယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ အစီအစဉ်ကို စတင်နိုင်ရေး ညှိနှိုင်းဆွေးနွေးရန် မြန်မာကိုယ်စားလှယ်အဖွဲ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေပြီဖြစ်သည်။

ပြီးခဲ့သည့်နှစ် ဩဂုတ်လကုန်ပိုင်းက ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လုံခြံုရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းစဉ် ပြစ်မှုကျူးလွန်မှုများ ရှိခဲ့သည်ဟူသော စွပ်စွဲချက်များဖြင့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက ဖိအားပေးလာချိန် အစိုးရက အထက်ပါအတိုင်း စီစဉ်နေခြင်း ဖြစ်သည်။

“စစ်ဆေးမယ်၊ တကယ်ဟုတ်ရင် အရေးယူမယ်” ဟု ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

အမှုများ တက်လာနိုင်ခြေ ရှိ၊ မရှိ သတင်းထောက်တစ်ဦး၏ မေးမြန်းမှုအပေါ် ဒေါက်တာဝင်းမြတ်အေးက “ဒါကတော့ သူတို့သဘောလေ။ ရှိတယ်လို့ ပြောလို့ နိုင်ငံတော်က ပွင့်ပွင့်လင်းလင်း ဆောင်ရွက်ပေးတာ။ သက်သေတောင် ဒီဘက်ကစရိတ်နဲ့ ခေါ်ပေးဦးမှာ” ဟု ဆိုသည်။

သို့သော် အမှုဖွင့်လိုသူများ အနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်တွင် အမှုဖွင့်ရမှာ မဟုတ်ဘဲ မြန်မာနိုင်ငံဘက်တွင် အမှုဖွင့်ရမည် ဖြစ်သည်။

၂၀၁၇ခုနှစ်၊ ဩဂုတ်လအတွင်းက ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်လာသူ ခြောက်သိန်းကျော်ရှိသည်ဟု ဘင်္ဂလားဒေ့ရှ်ဘက်က ထုတ်ဖော် ပြောဆိုထားသည်။

၎င်းတို့ကို ပြန်လည်လက်ခံရန် အဆင်သင့်ရှိသည်ဟု မြန်မာအစိုးရက ပြောကြားထားသော်လည်း လက်ရှိအချိန်အထိ တစ်ဦးတစ်ယောက်မျှ ပြန်လာခြင်း မရှိသေးပေ။

“တစ်ကယ်တော့ ကျွန်တော်တို့က ၂၀၁၈ခုနှစ်၊ ဇန်နဝါရီ ၂၃ကတည်းက အဆင်သင့် ဖြစ်နေတယ်။ သို့သော် တစ်ယောက်မှ မရောက်လာဘူး။ ဒါဟာ တစ်ဖက်နိုင်ငံကနေပြီးတော့ မပို့ချင်တဲ့၊ မရောက်စေချင်တဲ့သဘောလည်း ပါမယ်။ ဒီ Process ကို မစစေချင်တဲ့ သဘောလည်း ပါမယ်” ဟု ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly