ကချင်ပြည်နယ်ထဲက စစ်ရှောင်အများစု ကျန်းမာရေးအထောက်အပံ့တွေ လိုအပ်နေ

ကချင်ပြည်နယ်ထဲက စစ်ရှောင်အများစု ကျန်းမာရေးအထောက်အပံ့တွေ လိုအပ်နေ
ဓာတ်ပုံ-သူရ
 

ရန်ကုန်၊ မေ ၁၆ ။           ။ ကချင်ပြည်နယ်ထဲက တိုက်ပွဲတွေကြောင့် စစ်ရှောင်လာတဲ့သူတွေဟာ ကျန်းမာရေးအထောက်အပံ့တွေ လိုအပ်ချက်တွေရှိနေပြီးတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေက အစိုးရဌာနဆိုင်ရာတွေ နဲ့ပူးပေါင်းပြီးဖြေရှင်းနိုင်ဖို့လည်းကြိုးစားနေကြပါတယ်။

စစ်ဘေးရှောင်အားလုံးလိုလိုဟာ ဘုရားကျောင်းတွေမှာပဲ မှီခိုနေထိုင်ကြရတာဖြစ်ပြီး ဘုရားကျောင်းအများစုမှာတော့  ပုံမှန် ကျန်းမာရေးစောင့်ရှောက် ပေးတဲ့ နေရာတွေရှိမနေပါဘူး။

ဧပြီ ၂၆ ရက်နေ့က အင်ဂျန်းယန်မြို့နယ်ထဲက ရှီထာငရွာကနေ မြစ်ကြီးနားမြို့ပေါ်မှာရှိတဲ့ တြီနီတီနှစ်ခြင်းအသင်းတော် ဘုရားကျောင်းကို စစ်ရှောင်လာ သူတစ် ယောက်ဖြစ်တဲ့ ဦးကရန်းဂန်အောင်ဝ်ဟာ ဟာလည်းနာတာရှည် ရောဂါခံစားခဲ့ရပြီးတော့ မေလ ၁၁ ရက်နေ့မှာဆုံးပါးသွားခဲ့ပါတယ်။

“ သူကဒီအထိဆိုရင် ၄လလောက်ဖျားနေပြီပေါ့။ ကျန်တဲ့သူတွေကျတော့ လမ်းလျှောက်လာတာကျတော့လေ နည်းနည်းမောပန်းပြီး အမောဆို့ပြီး သတိလစ်တဲ့ဟာမျိုး၊ ပြီးရင်သွေးတတ်တဲ့ ဟာမျိုးကျတော့ရှိတယ်။ ကလေးတွေဝမ်းချုပ်ဝမ်းပျက်ဖြစ်တဲ့ဟာမျိုး အဲ့တာမျိုးလည်းရှိတယယ်။ ဆေးပေးခန်းကဆရာ ဆရာမတွေလည်းတာဝန်ယူပေးနေတယ်ဆိုတော့ ကျန်းမာရေးပိုင်းက အခုတော့ကောင်းတယ်လို့ပဲယူဆရမယ် “  လို့ မြစ်ကြီးနားမြို့ပေါ်က အင်ဂျန်းယန် IDP ရဲ့စည်းကမ်းထိန်းသိမ်းရေးတာဝန်ခံ ဦးပရမ်ရှောင်ကပြောပါတယ်။

ဧပြီလ ၂၆ ရက်နေ့မှာ အင်ဂျန်းယန် စစ်ရှောင်စခန်းကိုရောက်ရှိလာတာဖြစ်ပြီး မေ ၁၁ ရက်နေ့ နလယ်ပိုင်းမှာ ဖျားနာမှုဒဏ်တွေနဲ့ ကွယ်လွန်သွားတာ ဖြစ်ပြီး သူသေဆုံးချိန်မှာ အသက် ၆၂နှစ်ရှိနေပါပြီ။

ဦးကရန်းဂန်အောင်ဝ် ဆုံးသွားခဲ့တဲ့ စစ်ရှောင်စခန်းတစ်ခုတည်းမှာပဲ လူဦးရေ ရ၀၀ လောက်ရှိနေပြီးတော့ တနိုင်း၊ အင်ဂျန်းယန်နဲ့ ကာမိုင်းမြို့နယ် အနိးတစ်ဝိုက်က ရွာတွေမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် အင်ဂျန်းယန်တစ်မြို့နယ်ထဲမှာတင် ရွာပေါင်း ၂၀ ကျော် ရွာလုံးကျွတ်စစ်ရှောင်နေရပါတယ်။

“ ကျန်းမာရေးအပိုင်းမှာလည်း ကိုယ့်ရဲ့ဌာနေ ကိုယ့်ဒေသလောက်တော့ စိတ်ငြိမ်ငြိမ်ထားဖိို့လည်း ခက်တယ်။ ဒီမှာကျတော့ မြို့ကြီး မှာရောက်တော့ စိတ်ပိုင်းဆိုင်ရာလောက်တော့ လုံခြံုမှုရှိပါတယ်။ ဆိုတော့ နောက်နောက် လိုအပ်တဲ့အချိန်မှာလည်း သက်ဆိုင်ရာဌာန အဝဝ ကဝိုင်းဝန်းကူညီပံ့ပိုးဖို့ အဲ့လို ပြည်သူအားလုံးရဲ့ကိုယ်စား ဆန္ဒရှိပါတယ် “ လို့ အင်ဂျန်းယန်မြို့နယ်ထဲက ဇွတ်မိုင်ယန်ရွာကနေ မြစ်ကြီးနားမြို့ပေါ်ကို စစ်ရှောင်လာတဲ့ ဦးဇော်မိုင်ကပြောပါတယ်။

စစ်ဘေးရှောင်တွေရဲ့ကျန်းမာရေးပိုင်းတွေသာမကပဲ ယာယီနေထိုင်ဖို့အိမ်တွေ၊ သန့်ရှင်းတဲ့သောက်သုံးရေရရှိရေးတွေမှာလည်း လိုအပ်ချက်တွေ ရှိနေပါသေးတယ်။

စစ်ဘေးရှောင်ပြီး ဘုရားကျောင်းတွေကိုလာရောက်တဲ့အချိန်မှာ ဌာနဆိုင်ရာတွေက ကျန်းမာရေးစစ်ဆေးတာတွေကိုလုပ်ပေးပေမယ့် အမြဲတမ်းတော့ စောင့်ရှောက်မှုပေးနိုင်ခြင်းမရှိသေးဘူးလို့ စစ်ဘေးရှောင်တွေကိုသွားရောက်ကူညီတဲ့ အရပ်ဖက်အဖွဲ့တစ်ခုဖြစ်တဲ့ UCCPS က ဒေါ်ခိုင်ခိုင်လဲ့မြင့်ကပြော ပါတယ်။

“ သူတို့ကတော့ လိုအပ်တယ်လို့ပြောတာပေါ့နော်။ ဘုရားကျောင်းတွေမှာက အဲ့လိုတွေမျိုးမရှိနေဘူး။ သူတို့အတွက် အခြေခံဆေးဝါး ဆေးကုဖို့ အဟာရ့ဖြည့်ဖို့ အဲ့လိုပစ္စည်းတွေမျိုးမရှိနေဘူးရှင့် အဲ့ဒီ့နေ့ကကျတော့ ချက်ချင်းကြီးထွက်လာရတဲ့လူတွေမို့လို့ ခရီးကြမ်းနှင်လာရတယ်ဆိုတော့ ဌာနတွေဆုံတော့ ကျန်းမာရေးဌာနကလာစစ်ပေးတာ။ ပုံမှန်တော့မရှိဘူး။ လုပ်ပေးဖို့တော့သင့်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့နေရတဲ့နေရာရယ်။ စားရသောက်ရတဲ့အစားအသောက်ရယ်။ ဒီနေရာထိုင်ခင်းအခြေအနေနဲ့ဆိုရင်တော့ ကျန်းမာရေးအတွက်က ရေရှည်ဆိုရင်တော့ မကောင်းဘူးပေါ့။ ထိခိုက်မှာပါပဲ “ လို့သူကပြောပါတယ်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ကတော့ ကချင်ပြည်နယ်တစ်ခုလုံးမှာ စစ်ရှောင်အရည်အတွက် ၄၀၀၀ လောက်ရှိတယ်လို့ မကြာခင်ရက်ပိုင်း ကပြောဆိုထားပြီး ငွေကျပ် သိန်း ၂၀၀၀ လောက်ထောက်ပံ့အသုံးပြထားတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly