ဘောလုံးအားကစားအတွက် မော်ဒယ်အလုပ်ကို ငြင်းပယ်ခဲ့တဲ့ လီနာ

ဘောလုံးအားကစားအတွက် မော်ဒယ်အလုပ်ကို ငြင်းပယ်ခဲ့တဲ့ လီနာ

မေ ၁၇၊ ရှန်ဟိုင်း။            ။ လီနာဆိုတာကတော့ တရုတ်အမျိုးသမီးဘောလုံးလောကရဲ့ မျက်နှာပန်းလှသူ၊ ပရိသတ်တွေကိုဆွဲဆောင်နိုင်သူအဖြစ် သတ်မှတ်ခံထား ရပြီး မော်ဒယ်တစ်ယောက်ဖြစ်လာဖို့ကိုတောင် ငြင်းပယ်ခဲ့သူလည်း ဖြစ်ပါတယ်။

အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ တရုတ်လက်ရွေးစင်အမျိုးသမီးအသင်းဂိုးသမားဟာ အရပ် ၆ ပေ ၂ လက်မ မြင့်မားပြီး သူမရဲ့ သွင်ပြင်နဲ့ တရုတ်အမျိုးသမီးဘောလုံးလောကကို လူသိများလာအောင် မြှင့်တင်ပေးနိုင်ဖို့ မျှော်လင့်နေပါတယ်။

တရုတ်နိုင်ငံမှာ ဘောလုံးအားကစားကို အားပေးနေပြီး အမျိုးသားလိဂ်မှာ အမျိုးသားဘောလုံးသမားတွေဟာ လစာငွေ ယူရို သိန်း၊ သန်းချီပြီး ရရှိနေကြပါတယ်။

၂၀၁၆ အိုလံပစ်ပြိုင်ပွဲမှာ တရုတ်လက်ရွေးစင်အမျိုးသမီးအသင်းနဲ့အတူပါဝင်ကစားခဲ့ပြီး နိုင်ငံတကာပွဲ ၅၀ ကစားထားတဲ့ ကျောက် လီနာဟာ ရှန်ဟိုင်း ရူရယ် ကော်မာရှယ် ဘဏ်ကလပ်အသင်းမှာကစားနေပြီး သူရရှိတဲ့ တစ်လ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၅၀၀) ဟာ အမျိုးသမီးကစားသမားတွေထဲမှာ အမြင့်ဆုံးလစာဖြစ်ပါတယ်။

အေအက်ဖ်ပီနဲ့ပြုလုပ်တဲ့ အင်တာဗျူးမှာတော့ သူက လစာဟာလုံလောက်တယ်လို့ မဆိုလိုနိုင်ပေမယ့် ငွေကြေးကို သိပ်စိတ်မဝင်စားဘဲ လူတွေကို အမျိုးသမီးဘောလုံးလောကကို ပိုအားပေးစေချင်တယ်လို့သာ ပြောဆိုခဲ့ပါတယ်။

“ကွင်းက တစ်ဝက်တပျက်ဖြစ်ဖွင့်ထားပြီး လူထောင်ဂဏန်းလောက်ပဲ အားပေးလို့ရတယ်။ မှတ်မိသလောက်ဆို ဘယ်တုန်းကမှ ကွင်းမပြည့်ခဲ့ဘူး။

ကျွန်မရဲ့ မိဘတွေ၊ တခြားကစားသမားတွေရဲ့ မိဘတွေ၊ ဆွေမျိုးတွေစတဲ့ နှစ်ဒါဇင်ဂဏန်းလောက်ကသာ ဘောလုံးပွဲကြည့်တဲ့ ပရိသတ်အစစ်တွေဖြစ်နေကြတယ်။ ဒါပေမဲ့ တရုတ်အမျိုးသမီးအသင်းဘောလုံးလောက က အဲဒါနဲ့ အသားကျနေပါပြီလေ”လို့ လီနာက ပြောဆိုခဲ့ပါတယ်။

တရုတ်အမျိုးသားဘောလုံးဟာ နိုင်ငံတကာအဆင့်မှာ အောင်မြင်မှုနည်းပါးပေမယ့် အမျိုးသမီးအသင်းကတော့ အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပါတယ်။

သံမဏိနှင်းဆီများလို့ ချစ်စနိုးနာမည်ပေးခံထားရတဲ့ တရုတ်အမျိုးသမီးအသင်းဟာ အာရှဖလား ၈ ကြိမ်ရထားသလို ကမ္ဘာ့ဖလား လည်း အမြဲလိုလို ကစားခွင့်ရနေပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly