ချီလီ၌ လိင်ခွဲခြားချိုးနှိမ်မှုကိုဆန့်ကျင်သည့်အနေဖြင့် ပြည်သူထောင်ပေါင်းများစွာ ချီတက်ဆန္ဒပြ

ချီလီ၌ လိင်ခွဲခြားချိုးနှိမ်မှုကိုဆန့်ကျင်သည့်အနေဖြင့် ပြည်သူထောင်ပေါင်းများစွာ ချီတက်ဆန္ဒပြ

ဆန်တီယာဂို၊ မေ ၁၇ ။                                ။ ချီလီနိုင်ငံမြို့တော် ဆန်တီယာဂိုနှင့် အခြားမြို့ကြီးများ၌ ဗုဒ္ဓဟူးနေ့တွင် ထောင်ပေါင်းများစွာသောပြည်သူများက ကျား၊မ ခွဲခြားဆက်ဆံခံရပြီး အနိုင်ကျင့်စော်ကားခံရမှုများအတွက် ဆန့်ကျင်ဆန္ဒပြခဲ့ကြပြီး လိင်ခွဲခြားချိုးနှိမ်ခြင်း မရှိသော ပညာရေးကိုဖော်ဆောင်ပေးဖို့ တောင်းဆိုခဲ့ကြသည်။

ပြီးခဲ့သောအပတ်က ကျောင်းသူဒါဇင်ပေါင်းများစွာက တက္ကသိုလ်အများအပြားကိုစီးနင်းသိမ်းပိုက်ပြီး ပါမောက္ခ များ၏ လိင်ခွဲခြားချိုးနှိမ်သောအပြုအမူများအပြင် ကျောင်းသားများနှင့် နည်းပြဆရာများ၏ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားမှုများကို ဆန့်ကျင်ရှုံ့ချခဲ့ပြီးနောက် တစ်ပတ်အကြာတွင် ယခုဆန္ဒပြပွဲဖြစ်ပွားခြင်းဖြစ်သည်။

ဆန်တီယာဂိုမြို့၌ပြုလုပ်ခဲ့သော ဆန္ဒပြပွဲကို ချီလီကျောင်းသားအဖွဲ့အစည်းက ဦးဆောင်စီစဉ်ခြင်းဖြစ်ပြီး အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ အမန်ဒါမီထရိုဗစ်ချ်က သူမတို့အနေဖြင့် အိမ်တွင်းအကြမ်းဖက်မှု၊ စော်ကားမှုနှင့် လိင်ပိုင်း ဆိုင်ရာ ထိပါးနှောင့်ယှက်မှုတို့အပါအဝင် ကျား၊မ အခြေပြု အနိုင်ကျင့်စော်ကားခံရမှုတို့ကို အရေးယူပေးမည့် ပြည့်စုံကျယ်ပြန့်သော ဥပဒေတစ်ခုဖော်ဆောင်ရေးအတွက် တောင်းဆိုနေရခြင်းဖြစ်သည်ဟု သတင်းထောက် များကို ပြောခဲ့သည်။

ဒါ့အပြင် ဆန္ဒပြပွဲ၌ပူးပေါင်းပွဲဝင်ခဲ့သော နိုင်ငံတော်အထက်တန်းကျောင်းသားအဖွဲ့အစည်းမှ ပြောရေးဆိုခွင့်ရှိသူ အမန်ဒါအော့ပါဇိုကလည်း သူမတို့၏တောင်းဆိုချက်များကို စိတ်မဝင်စား၊ ဥပေက္ခာပြုခဲ့သော ပညာရေးဝန်ကြီး ဌာနကိုလည်း ဝေဖန်ရှုံ့ချခဲ့သည်။

ဆန္ဒပြသူများသည် ဘာနာဒိုအိုဟစ်ဂင်ရိပ်သာလမ်းမကြီးတစ်လျှောက် ၃ ကီလိုမီတာခန့် လမ်းလျှောက်ဆန္ဒပြခဲ့ ခြင်းဖြစ်ပြီး ၄င်းတို့နှင့်အတူ ဂီတပညာရှင်များ၊ အကအဖွဲ့များက လိုက်ပါခဲ့ကြပြီး လိင်ခွဲခြားချိုးနှိမ်မှုကိုဆန့်ကျင် သော ဆောင်ပုဒ်များကို ကြွေးကြော်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly