နိုင်ငံတွင်းရှိ ကြိုးတံတား ၂၉ စင်းအနက် တံတား ၂ စင်းသည် အန္တရာယ် အရှိဆုံးဟုဆို

နိုင်ငံတွင်းရှိ ကြိုးတံတား ၂၉ စင်းအနက် တံတား ၂ စင်းသည် အန္တရာယ် အရှိဆုံးဟုဆို
Photo-EPA/HEIN HTET

နေပြည်တော်၊ မေလ ၁၆ရက်၊ ။             ။ မြန်မာနိုင်ငံရှိ ကြိုးတံတား ၂၉ စင်းကို တရုတ်ပညာရှင် ၂၂ ဦး၏ အကူအညီဖြင့် စစ်ဆေးနေပြီး မကွေးတိုင်း တွင်းရှိ မယ်ဇလီတံတားနှင့် မွန်ပြည်နယ်အတွင်းရှိ ဇာသပြင်တံတားနှစ်စင်းသည် လက်ရှိတွင် အန္တရာယ်အရှိဆုံး ဖြစ်သည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားသည်။

“အဆိုးဆုံးတံတား ၂ စင်းကို တရုတ်က ထောက်ပြပါတယ်။ နံပါတ်တစ်အချက် မယ်ဇလီတံတား၊ မယ်ဇလီ တံတားက မကွေးတိုင်းမှာ ရှိပါတယ်။ မကွေးတိုင်းရဲ့ မယ်ဇလီတံတားရဲ့ အဆင့်သည် တရုတ်နိုင်ငံဆိုလို့ရှိရင် Grade 5 ဖြစ်နေပါတယ်။ နောက်တစ်ခါ ဇာသပြင်တံတား Grade 5 အဆင့်ဖြစ်နေပါတယ်”ဟု ၄င်းက ပြောကြားသည်။

မေလ ၁၅ ရက်နေ့ နေ့လည်ပိုင်းက နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် ကျင်းပပြုလုပ်သော နိုင်ငံတော်အစိုးရ၏ ဒုတိယ(၁)နှစ်တာ ကာလအတွင်းဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ၄င်းတံတား ၂ စင်းလုံးကို ပြန်လည် အစားထိုးရန် အမြန်ဆုံးပြင်ဆင်နေပြီး အဆိုပါအန္တရာယ်ရှိသော တံတားများပေါ်တွင် ခရီးသည်တင် ဘတ်စကားများကို လူများအား လမ်းဆင်းလျှောက်ခိုင်းပြီး တံတား၏ တစ်ဘက်ထိပ်ရောက်မှ ပြန်တက်ခိုင်းကာ ၊ ကုန်တင်ယာဉ်များကိုတော့ ၁၃ တန်အောက်ထိလျော့ချ ပြီးမှ ဖြတ်သန်းခိုင်းထားကြောင်း သိရသည်။

ဧပြီလ ၁၇ ရက် က နိုင်ငံတော်သမ္မတ၏ နှစ်သစ်ကူးမိန့်ခွန်းတွင် “ တစ်နိုင်ငံလုံးရှိ ကြိုးတံတား ၂၉ စင်းကိုလည်း ၃ လအတွင်း နိုင်ငံခြားပညာရှင်များနှင့်အတူ အသေးစိတ်စစ်ဆေးပေးမည် ဖြစ်ပါတယ်။ ယင်းတို့အထဲမှ အန္တရာယ် ရှိနိုင်တဲ့ ကြိုးတံတားများကို (၆) လအတွင်း ဦးစားပေးအစီအစဉ်ဖြင့် ပြင်ဆင်ပေးမှာ ဖြစ်ပါတယ်”ဟု ထည့်သွင်းပြောကြားထားသည်။

ယခင်က ကြိုးတံတားများကို စစ်ဆေးရာတွင် အပြင်ပိုင်းသာမြင်ရသည့် ကြိုး၊ တာဝါများ၊ ဘေလီများ၊ စတီး သံပေါင်များ၊ အခင်းများကိုသာ ပြီးခဲ့သည့် ငါးနှစ်တာကာလတွင်းကတည်းက မိမိအစီစဉ်များနှင့်သာ ၂ နှစ် ၁ ကြိမ် ပြင်ဆင်ခဲ့ရကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောသည်။

ကွန်ကရစ်တုံးထဲမှ ကြိုးထွက်ပြီး ပြတ်ကျခဲ့သည့် မြောင်းမြကြိုးတံတား၏ ဖြစ်စဉ်မျိုး ထပ်မံဖြစ်ပွားမှု မရှိစေရေး အတွက် ယခုကဲ့သို့ တရုတ်ပညာရှင်များကို ခေါ်ယူခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တေ်ာတို့နည်းပညာမရှိပါဘူး။ အထဲမှာ ဘယ်လို အခြေအနေရှိနေလဲဆိုတဲ့ ဒီ အခြေအနေကို အခု တရုတ်က နေပြီးတေ့ာ တရုတ်ပညာရှင်၂၂ဦးရောက်လာတဲ့ အခါမှာ သူတို့မှာ စက်ကရိယာတွေ ပါလာတယ်။ စက်ကရိယာ ဘယ်လိုဟာမျိုး ပါလာလဲဆိုရင် ဥပမာဆိုရင် ကျွန်တော်တို့ Endoscopy လို့ခေါ်တဲ့ ပါးစပ်ထဲကို ပိုက်လုံးလေးထည့်ပြီးတော့ ဒီအူလမ်းကြောင်းတစ်လျှောက်ကို စစ်ဆေးတဲ့ Endoscopy လို မျိုး သေးသေးလေး ပိုက်လုံးသေးသေးလေးထဲမှာ ကင်မရာ ပါပါတယ်။ အဲဒါလေးနဲ့ ကျွန်တေ်ာတို့ အထဲထဲထိ ဟိုးကွန်ကရစ်ထဲ ထိ လိုက်ပြီးတော့မှ ၀င်ကြည့်သွားတဲ့ စနစ်မျိုး။ နောက်အပြင်ကနေ ဓာတ်မှန်ရိုက်ကြည့်တဲ့ စနစ်မျိုးတွေ ပါလာတဲ့ အတွက် အခုအဲ့ဒီ ဟာတွေ အားလုံးကို ဒါပြီးသွားရင် ကျွန်တေ်ာတို့ကို နည်းပညာပါ ကျွန်တော်တို့ကို Transfer လုပ်ပေးပါဆိုပြီး ကျွန်တေ်ာတို့တရုတ်နို်ငံကို အကူအညီတောင်းထားပါတယ်။ ကျွန်တေ်ာတို့ အင်ဂျင်နီယာတွေ ကို လက်တွဲပြီးတော့သင်ပေးနေပါတယ်”ဟု ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားသည်။

တစ်နိုင်ငံလုံးတွင် မြောင်းမြကြိုးတံတား အပါအဝင် စုစုပေါင်း ကြိုးတံတား အစင်း ၃၀ ရှိပြီး ဧပြီလ ၁ ရက်နေ့ နံနက်ပိုင်းက မြောင်းမြမြို့နယ်၊ ကြိုးတံတားမှာ မြောင်းမြဘက်ကမ်း ဆိုင်းကြိုး ပြတ်တောက်ကာ တံတား ပြတ်ကျခဲ့ကာ ကုန်ကားတစ်စီးနှင့် လူနှစ်ဦး ရေထဲမျောပါပြုတ်ကျခဲ့ပြီး လူသေဆုံးမှု ဖြစ်ပေါ်ခဲ့သည်။

ယခုလက်ရှိ စစ်ဆေးနေသည့် ကြိုးတံတား ၂၉ စင်းလုံး၏ အဆိုပါ တရုတ်ပညာရှင်အဖွဲ့က ဇူလိုင်လ ၃၁ ရက်နေ့ တွင် နောက်ဆုံးထားပြီး တင်ပြသွားမည်ဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ၄င်းတံတားအားလုံး၏ အခြေအနေ ကို အဆိုပါနေ့တွင် ထုတ်ပြန်ကြေညာသွားမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly