ဂါဇာနယ်စပ်အဓိကရုဏ်းများအတွင်း အစ္စရေးတို့၏ မျက်ရည်ယိုဗုံးများက ဂျာနယ်လစ်များဆီသို့ ကျရောက်

ဂါဇာနယ်စပ်အဓိကရုဏ်းများအတွင်း အစ္စရေးတို့၏ မျက်ရည်ယိုဗုံးများက ဂျာနယ်လစ်များဆီသို့ ကျရောက်

မေ ၁၆ ။            ။ ပြီးခဲ့သည့် ရက်ပိုင်းက အစ္စရေး-ဂါဇာနယ်စပ် အဓိကရုဏ်းများအတွင်း အစ္စရေးတို့ဘက်က ဒရုန်းဖြင့် မျက်ရည်ယိုဗုံးများ ပစ်လွှတ်ခဲ့ခြင်းကြောင့် မြေပြင်တွင် သတင်းသွားရောက်ရယူခဲ့ကြသည့် သတင်းထောက်များ အသည်းအသန် ထွက်ပြေးရှောင်တိမ်းခဲ့ကြရမှုများ ရှိခဲ့ကြောင်း သိရသည်။

အယ်လ်ဂျာဇီးယား သတင်းဌာနမှ ဂျာနယ်လစ်တစ်ဦးဆိုလျင် အစ္စရေး စနိုက်ပါသမားတစ်ဦးမှ ပစ်လိုက်သည့် ကျည်ဆံထိမှန်တော့မည့်ဘေးမှ ပွတ်ကာသီကာ လွဲချော်သွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၁၄ ရက်က ဂျေရုဆလင်တွင် အမေရိကန်သံရုံး ဖွင့်လှစ်မှုအပေါ် ကန့်ကွက်ဆန့်ကျင်သည့်အနေဖြင့် ဂါဇာနယ်စပ်တစ်လျှောက် မြောက်မြားစွာသော ပါလက်စတိုင်းတို့ ချီတက်စုဝေးပြီး ဆန္ဒပြတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ အစ္စရေးနှင့်အကြား အဓိကရုဏ်းများ ပေါ်ပေါက်ခဲ့ရသည်။

အဓိကရုဏ်းအတွင်း အစ္စရေးတို့၏ ပစ်ခတ်မှုများကြောင့် အနည်းဆုံး ပါလက်စတိုင်း ၄၃ ဦး သေဆုံးကာ လူပေါင်း ၁,၉၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။  ယင်းဖြစ်စဉ်အတွင်း အစ္စရေးတို့ဘက်က လက်နက်များဖြင့် ပစ်ခတ်သည့်အပြင် ဆန္ဒပြသူများဘက်ကို ချိန်ရွယ်၍ မျက်ရည်ယိုဓာတ်ငွေ့များ၊ မီးလောင်ဗုံးများဖြင့် ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ယင်း ဖြစ်စဉ်များအတွင်း သတင်းသမားအချို့လည်း လာရောက်သတင်းရယူခဲ့ကြရာ ၎င်းတို့သည်လည်း မျက်ရည်ယိုဓာတ်ငွေ့ ရန်မှ လွတ်အောင် ရှောင်တိမ်းထွက်ပြေးခဲ့ကြရမှုများ ရှိခဲ့သည်ဟု သိရသည်။

သတင်းထောက်များမှာ မျက်ရည်ယိုဓာတ်ငွေ့များကြောင့် ချောင်းဆိုးခြင်း၊ စကားဗလုံးဗထွေး ပြောဆိုနေရမှုများ ရှိခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags