မေ ၁၆၊ ရန်ကုန်။ ။ မြန်မာလက်ရွေးစင်အသင်း၏နည်းပြသစ်ဖြစ်လာသည့် ဂျာမန်လူမျိုးနည်းပြ မစ္စတာအန်တွိုင်းဟေးက အောင်မြင်မှုတစ်ခုခု ရမည်ဟု ယုံကြည်ကြောင်း ပထမဆုံးပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
မြန်မာဘောလုံးအဖွဲ့ချုပ်သည် မတ်လတွင် ဂတ်ဇီဆီနှင့်လမ်းခွဲပြီးနောက် လစ်လပ်နေသည့် မြန်မာလက်ရွေးစင်အသင်းနည်းပြ ရာထူးအတွက် ဂျာမန်လူမျိုး အန်တွိုင်းဟေးကို ၂၀၁၉ ဒီဇင်ဘာထိ ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး မြန်မာယူ ၂၃ အသင်းနှင့် စီနီယာအသင်းကို ကိုင်တွယ်စေမည်ဖြစ်သည်။
“တစ်ခုခုအောင်မြင်မယ်လို့ မယုံကြည်ဘဲနဲ့တော့ ဒီနေရာကို မလာပါဘူး။ အောင်မြင်မှုတစ်ခုခုရယူနိုင်မယ်လို့ ယုံကြည်ပါတယ်။ အချိန်ယူပြီးတော့လည်း ပြင်ဆင်သွားမှာပါ။
လာမယ့်အပတ်မှာ အသင်းနဲ့အတူ လေ့ကျင့်ခန်းစတင်ဖို့ကို မစောင့်နိုင်လောက်အောင် ဖြစ်နေပါပြီ။ ကျွန်တော့်မှာပါလာတဲ့ ဂျာမန်လက်ထောက်နည်းပြ၊ ဂိုးနည်းပြတို့နဲ့အတူ မြန်မာနည်းပြဦးစိုးမြတ်မင်းနဲ့ လက်တွဲပြီး လုပ်ဆောင်သွားမှာပါ။
ကျွန်တော့်အတွက် အခုမှတွေ့ရမယ့် ကစားသမားသစ်တွေနဲ့ ဘယ်လိုအောင်မြင်မှုရအောင် တည်ဆောက်မလဲဆိုတာက စိန်ခေါ်မှုတရပ်ပါပဲ။ ဘောလုံးကိုချစ်တဲ့ ပရိသတ်တွေရှိတဲ့ အသင်းနဲ့လက်တွဲခွင့်ရတာ ဂုဏ်ယူစရာပါ။ ပရိသတ်တွေဂုဏ်ယူရတဲ့ အသင်းဖြစ်အောင် ကြိုးစားသွားမှာပါ” ဟု မစ္စတာအန်တွိုင်းဟေးက ပြောသည်။
မစ္စတာအန်တွိုင်းဟေး၏ မြန်မာလက်ရွေးစင်အသင်းနည်းပြဘဝ ပထမဆုံးပွဲမှာ မေ ၂၆ တွင် နန်ကျင်း၌ တရုတ်လက်ရွေးစင် အသင်းနှင့်ကစားမည့် ခြေစမ်းပွဲဖြစ်သည်။
အသက် ၄၇ နှစ်အရွယ် ဂျာမန်နည်းပြ အန်တွမ်နီဟေး (Antoine Hey) သည် ကစားသမားဘဝက ကွင်းလယ်လူအဖြစ် ဆွစ်ကလပ် ဂရက်စ်ဟော့ပါး၊ ဂျာမန်ကလပ် ဒက်ဆယ်လ်ဒေါ့ဖ်၊ ရှော့ကေး၊ ကိုလုံး၊ အင်္ဂလန်ကလပ် ဘာမင်ဂမ်၊ ဘရစ္စတိုးလ်၊ အစရှိသည့် ကလပ်များတွင် ပါ၀င်ကစားခဲ့ပြီး ၂၀၀၄ ခုနှစ်တွင် အသက်အရွယ်ကြောင့် အနားယူခဲ့သည်။
ယင်းနောက် ယူအီးအက်ဖ်အေပရိုလိုင်စင်ရရှိခဲ့ကာ ၂၀၀၅ မှစတင်ပြီး နည်းပြ အဖြစ် ဂမ်ဘီယာ၊ လိုင်ဘေးရီးယား၊ ကင်ညာ၊ ရဝမ်ဒါ အစရှိသည့် အာဖရိက နိုင်ငံလက်ရွေးစင် အသင်းများအား ကိုင်တွယ်ခဲ့ကာ နည်းစနစ် ဒါရိုက်တာအဖြစ်လည်း ဘာရိန်း ဘောလုံးအဖွဲ့ချုပ်နှင့် လိုင်ဘေးရီးယား ဘောလုံး အဖွဲ့ချုပ်များတွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။