Starbucks ကော်ဖီကို ဆိုင်ခွဲပေါင်း ၂၀ အထိ မြန်မာနိုင်ငံတွင် ဖွင့်လှစ်မည်

Starbucks ကော်ဖီကို ဆိုင်ခွဲပေါင်း ၂၀ အထိ မြန်မာနိုင်ငံတွင် ဖွင့်လှစ်မည်
ဓာတ်ပုံ - AFP

 

ရန်ကုန်၊ မေလ ၁၆ ။          ။ အမေရိကန်နိုင်ငံ၏ အမှတ်တံဆိပ်တစ်ခုဖြစ်သည့် Starbucks ကော်ဖီသည် လာမည့် ၉လအတွင်း မြန်မာနိုင်ငံတွင် ဆိုင်ခွဲပေါင်း ၂၀ ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု DICA (ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန)မှ သိရသည်။

Starbucks ၏ မြန်မာနိုင်ငံတွင်ဖွင့်လှစ်မည့် ပထမဦးဆုံးဆိုင်ကို ဆူးလေ Square တွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဆိုင်ခွဲများကို မည်သည့်နေရာများတွင် ဖွင့်သွားမည်ကို အတည်အကျမသိရသေးကြောင်း သိရသည်။

လုပ်ငန်းအဆိုပြုတင်ပြချက်၌ ပြည်တွင်းမှ ၀န်ထမ်းဦးရေ ၄၀ နှင့် နိုင်ငံခြားသား ၂ ဦး အလုပ်ခန့် အပ်သွားရန် ရေးသားဖော်ပြထားသည်ဟု DICA (ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန) ၏ လက်ထောက် ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် က ဆိုသည်။

"ဘယ်နေရာလဲဆိုတာ အတိအကျမပါသေးတာပါ။ သူလုပ်မယ့်ဟာကတော့ ဆိုင်ခွဲပေါင်း ၂၀ ဖွင့်မှာပါ။ နေရာတွေမပြီးသေးပါဘူး တင်ပြတဲ့ထဲမှာ။ အတည်ပြုမိန့်ပါ" ဟု ဦးသန့်စင်လွင် က မေလ ၁၅ ရက်တွင် ပြောသည်။

Starbucks သည် မြန်မာနိုင်ငံတွင် ဆိုင်ခွဲများ ဖွင့်လှစ်ရန် အချိန် ၉ လကြာ ပြင်ဆင်သွားမည်ဟု သိရသည်။ ၎င်း၏ လုပ်ငန်းအဆိုပြုတင်ပြချက်အရ Starbucks ၏ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည့် မတည်ငွေမှာ အမေရိကန်ဒေါ်လာ ၆ သန်းရှိပြီး  အဆိုပြုတင်ပြချက်တွင် ထုတ်ပိုးခြင်း၊ တည်ခင်းခြင်း၊ ဧည့်ခံခြင်း၊ ရောင်းချခြင်း ဆိုသော လုပ်ငန်း Training များ စတင်လုပ်ဆောင်သွားမည်ဟု သိရသည်။

အမေရိကန်နိုင်ငံ၏ နာမည်ကြီးအမှတ်တံဆိပ်တစ်ခုဖြစ်သည့် Starbucks ကော်ဖီသည် နိုင်ငံပေါင်း ရ၅ နိုင်ငံ၏ နေရာပေါင်း ၂၃,၇၆၈ နေရာတွင် ဖွင့်လှစ်ထားသည်ဟု ၂၀၁၆ ခုနှစ် ဇူလှိုင်လအထိ စာရင်းများအရ သိရသည်။

၄င်းတို့အနက် အရှေ့တောင်အာရှနိုင်ငံများထဲတွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနှင့် ထိုင်းနိုင်ငံ တို့တွင် ဆိုင်ခွဲများ ဖွင့်လှစ်ထားသည်။

Starbucks သည် ၁၉၇၁ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် လူငယ်ပေါင်း ၁၀,၀၀၀ ကို အလုပ်အကိုင်အခွင့်အလမ်းပေးနိုင်ရန် ရည်ရွယ်ထားကြောင်း ၄င်းတို့၏ ၀ဘ်ဆိုက်၌ ဖော်ပြထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly