တပ်မတော်ကနေ အသရေဖျက်မှုပုဒ်မ ၅၀၀ နှင့် တရားစွဲခံထားရသူ ၃ ဦး အာမခံရ

တပ်မတော်ကနေ အသရေဖျက်မှုပုဒ်မ ၅၀၀ နှင့် တရားစွဲခံထားရသူ ၃ ဦး အာမခံရ

 

ရန်ကုန်၊ မေ ၁၆ ။                         ။ တပ်မတော်ကနေ  အသရေဖျက်မှုပုဒ်မ ၅၀၀နှင့် တရားစွဲဆို ခံထားရသူ ၃ ဦးကို မြစ်ကြီးနားမြို့နယ်တရားရုံးမှ အာမခံပေးလိုက်ကြောင်း တရားစွဲဆို ခံထားရသူ ဦးလွမ်းဇောင်းက ပြောသည်။

ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ၂ ဘက် တပ်တွေကြားထဲရောက်နေသည့် ပြည်သူတွေ လွတ်မြောက်ရန်အတွက် ဆန္ဒပြကာ ဦးဆောင်ဟောပြောခဲ့သောကြောင့် မြောက်ပိုင်းတိုင်းဌာနချုပ်မှ ဒုတိယ ဗိုလ်မှူးကြီးမျိုးမင်းဦးက အမှုဖွင့်ခဲ့ခြင်းဟု သိရသည်။

“  ဒီပုဒ်မကတော့ အာမခံပေးလို့ရတဲ့ ပုဒ်မ လို့ အာမခံ ငွေ ၅ သိန်းနဲ့အာမခံ ပေးထားတာပေါ့။ တစ်ယောက် ၅ သိန်းနဲ့ပေါ့” ဟု ကိုလွမ်းဇောင်းက ပြောသည်။

ယနေ့ မေလ ၁၆ ရက်ရုံးချိန်းသို့ တရားလိုဖြစ်သည့် ဒုတိယဗိုလ်မှူးကြီး မျိုးမင်းဦးရောက်လာခဲ့သော်လည်း တရားစွဲဆိုခံထားရသည့် ဦးလွမ်းဇောင်း၊ ဦးဇော်ဂျတ်နှင့် ဒေါ်နန်ပူ တို့ထဲမှ ဒေါ်နန်ပူမှာ ခရီးလွန်နေသော ကြောင့်  လာမည့် မေ ၂၁ ရက်တွင် စတင်စစ်ဆေးရန် တရားရုံးမှချိန်းဆိုလိုက်သည်။

ထို့အပြင် မြစ်ကြီးနား မနောကွင်းတွင် ဦးဆောင်ခဲ့သူ ၂ ဦးကိုတော့ ပုဒ်မ ၁၉ နဲ့ ဒဏ်ငွေ ၃သောင်းစီ ချမှတ်ထား သကဲ့သို့ ပဲခူးတိုင်း နတ္တလင်းတွင် ဆန္ဒထုတ်ဖေါ်ခဲ့သူ ၁၅ ဦးကိုလည်း နယ်မြေခံရဲက ဖမ်းဆီးထားသည်။

အသရေဖျက်မှုဖြစ်သည့် ပုဒ်မ ၅၀ဝ သည် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၂ နှစ် သို့မဟုတ် ငွေဒဏ်ကျခံနိုင်ပြီး ထောင်ဒဏ်နှင့် ငွေဒဏ် နှစ်ရပ်လုံး ချမှတ်နိုင်ကြောင်း ရာဇသတ်ကြီး ဥပဒေတွင်ဖော်ပြထားသည်။

 ငြိမ်းချမ်းရေးအတွက် ဆန္ဒပြမှုများကြောင့် မေလ၊ တစ်ပတ်အတွင်း တက်ကြွလှုပ်ရှားသူ ၄၂ ဦးထိ တရားရင် ဆိုင်နေရကြောင်း အသံ( လွတ်လပ်စွာထုတ်ဖော်ပြောခွင့် လှုပ်ရှားမှုအဖွဲ့) အမှုဆောင်ဒါရိုက်တာ မောင်ဆောင်းခ က မဇ္စျိမသို့ ပြောဆိုထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly