ရိုက်တာသတင်းထောက် ၀လုံးကို မည်သည့်ပစ္စည်းမှ မပေးခဲ့ကြောင်း ဒုတပ်ကြပ်နိုင်လင်းက တရားရုံးတွင်ထွက်ဆို

ရိုက်တာသတင်းထောက် ၀လုံးကို မည်သည့်ပစ္စည်းမှ မပေးခဲ့ကြောင်း ဒုတပ်ကြပ်နိုင်လင်းက တရားရုံးတွင်ထွက်ဆို
ဓာတ်ပုံ-သူရ/မဇ္ဈိမ

 

ရန်ကုန် ၊ မေ ၁၆ ။                      ။ ရိုက်တာသတင်းထောက်ဖြစ်သူ ကိုဝလုံး(ခ)ကိုသက်ဦးမောင်အား တစ်ဦးတည်း သွားရောက်တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ယင်းသို့တွေ့ဆုံရာ၌လည်း မည်သည့်ပစ္စည်း တစ်စုံတရာမှ ပေးအပ်ခဲ့ခြင်းမရှိဟု ယနေ့ မေလ ၁၆ ရက်နေ့ တွင် ဒုတပ်ကြပ်နိုင်လင်းက မြောက်ပိုင်းခရိုင်တရားရုံး၌ ထွက်ဆိုခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်းကျေးရွာလူသတ်မှုနှင့်ပတ်သက်ပြီး ရိုက်တာ သတင်းသမား ၂ ဦးအား တွေ့ဆုံခဲ့ခြင်းကြောင့် ရဲအချုပ်တွင် ၉ ရက်ခန့် နေခဲ့ရပြီးခံဝန်လက်မှတ် ရေးထိုးခဲ့ရကြောင်း၊ အင်းဒင်းကျေးရွာကိစ္စနှင့် ပတ်သက်ပြီး ကိုဝလုံးက သူ့အား မေးမြန်းမှုတွေရှိနေခဲ့သည်ဟု အစိုးရတရားလိုပြသက်သေ ဒုတပ်ကြပ်နိုင်လင်းက ထွက်ဆိုခဲ့ခြင်းဖြစ်သည်။

ရိုက်တာသတင်းသမားများအား စာရွက်စာတမ်းများ ပေးအပ်ရန် ဒုတပ်ကြပ် နိုင်လင်းကို ရဲမှူးချုပ် တင်ကိုကိုမှ ခိုင်းစေခဲ့ခြင်းဖြစ်သည်ဟု ဒုရဲမှူးဟောင်း မိုးရန်နိုင်က ထွက်ဆိုထားသည်။

ရဲမှူးချုပ် တင်ကိုကိုအကြောင်း နှင့် ဒုရဲမှူး မိုးရန်နိုင်ထွက်ဆိုထားသည့် ရိုက်တာသတင်းသမားများအား ထောင်ချောက်ဆင် ဖမ်းဆီးခဲ့ခြင်း ရှိမရှိ ကို ဒုတပ်ကြပ်နိုင်လင်းအား သတင်းမီဒီယာသမားများက ၀ိုင်းဝန်းမေးမြန်းသော်လည်း ပြန်လည်ဖြေဆိုခဲ့ခြင်း မရှိပေ။

သူ့အနေဖြင့် တရားရုံးတွင် အမှန်အတိုင်းထွက်ဆိုခဲ့သည်ဟုသာ မီဒီယာများအား ဒုတပ်ကြပ်နိုင်လင်းက ပြန်လည်ဖြေဆိုခဲ့သည်။

အစိုးရ တရားလိုသက်သေတစ်ဦးဖြစ်သည့် ဒုရဲမှူး မိုးရန်နိုင်သည် ရိုက်တာသတင်းသမားများအား ထောင်ချောက်ဆင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၊ ယင်းသို့ ဖမ်းဆီးရန် ရဲမှူးချုပ် တင်ကိုကို က ဦးစီး ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု တရားရုံးတွင် ထွက်ဆိုထားသည်။

ထိုသို့ ထွက်ဆိုခဲ့သည့် ဒုရဲမှူးဟောင်း မိုးရန်နိုင်အား အစိုးရဘက်မှ မယုံကြည်ထိုက်သည့် သက်သေအဖြစ် ကြေညာပေးရန် တောင်းဆိုခဲ့သော်လည်း တရားရုံးက ပယ်ချခဲ့သည်။ လက်ရှိတွင် ဒုရဲမှူး မိုးရန်နိုင်အား ရိုက်တာသတင်းသမားများနှင့် တွေ့ဆုံခဲ့ခြင်းကြောင့် ရဲအက်ဥပဒေပုဒ်မဖြင့် ထောင်ဒဏ် တစ်နှစ်ချမှတ်ထားသည်။

ဒုရဲမှူးဟောင်း မိုးရန်နိုင်ထွက်ဆိုခဲ့သလို ရိုက်တာသတင်းထောက်နှစ်ဦးကို ထောင်ချောက်ဆင် ဖမ်းဆီးခဲ့ခြင်းမဟုတ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက မေလ ၁၅ရက်တွင် ဖြေရှင်းထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly