မန္တလေးမြစ်ကြီးနား ရထားလမ်းပိုင်း ၂ နေရာ မိုင်းခွဲခံရ

မန္တလေးမြစ်ကြီးနား ရထားလမ်းပိုင်း ၂ နေရာ မိုင်းခွဲခံရ
(ဓာတ်ပုံ၊မြန်မာ့မီးရထား)

မန္တလေး မေ ၁၆ ။            ။ မေလ ၁၅ ရက်၊ည ၁၁ နာရီကျော်က မန္တလေး၊မြစ်ကြီးနား ရထားလမ်းပိုင်း ၂ နေရာ မိုင်းခွဲဖျက်ဆီးခံခဲ့ရခြင်းကြောင့် တိုက်ကင်းရထား အနည်းငယ် ပျက်စီးခြင်းနှင့် သံလမ်းများပျက်စီးသွားကြောင်း မြန်မာ့မီးရထား၊အထက်မြန်မာပြည်အထွေထွေမန်နေဂျာ ဦးမျိုးဝင်းက ပြောသည်။

ခရီးသည်များဘေးကင်းလုံခြံုရေးအတွက် ခရီးသည်ရထားများ မထွက်ခွာမီ  ရှေ့ပြေးမောင်းနှင်သည့် တိုက်ကင်းရထားခုတ်မောင်းစဉ် ထိုပူးဘူတာနှင့် မိုးကောင်းဘူတာအကြား၊တံတားအမှတ် ၆၆၂ တွင်ပေါက်ကွဲမှုဖြစ်ခဲ့သည် ။ တစ်ဖန် မရမ်းဘူတာနှင့် နမ္မတီးဘူတာကြား၊တံတားအမှတ် ၆၈၁ တွင်လည်း ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

မြစ်ကြီးနား - ဟိုပင် တွဲ ၅ တွဲပါ APT မိုင်းရှင်းရထားသည် မိုင်းပေါက်ကွဲမှု ဖြစ်ပွားသဖြင့် မိုင်းရှင်းရထား၏ ၃ တွဲမြောက် သံချပ်ကာတွဲနှင့် ၄ တွဲမြောက် မိုင်းခံတွဲတို့မှာ ၄၅ ဒီဂရီစောင်းသွားခဲ့ပြီး သံလမ်းပျက်စီး၍ လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သတင်းနှင့်ပြန်ကြားရေးမှ ထုတ်ပြန်ချက်အရ သိရသည်။

အထက်မြန်မာပြည် အထွေထွေမန်နေဂျာ ဦးမျိုးဝင်းထံက"ထိခိုက်ဒဏ်ရာ ရတာမရှိပါဘူး။ရထားက အမြန်ရထားသုံးစင်းအနက် မိုးညှင်းတွင်တစ် စင်းရပ်ထားတယ်။ ဟိုပင်မှာ ၂ စင်းရပ်ထားတယ်။အဲဒီသုံးစင်းက ခရီးသည်တွေဒုက္ခမရောက်အောင် မြစ်ကြီးနားကို တစ်ယောက်မကျန် ကားနဲ့ပို့နေတယ်။"ဟုပြောသည်။

မိုးညှင်းဘူတာတွင်ရပ်ထားသည့် အမှတ် ၅၅အဆန် အမြန်ရထားနှင့်ဟိုပင်ဘူတာတွင်ရပ်ထားသည့် အမှတ် ၅၇နှင့်၃၇ အမြန်ရထားတို့မှ ခရီးသည်များအတွက် စားသောက်ရေးနှင့်လိုအပ်သည်များကို မြန်မာ့မီးရထားမှ စီစဉ်ဆောင်ရွက်ပေးလျှက်ရှိနေပြီး ၎င်းခရီးသည်များကို မြစ်ကြီးနားမြို့သို့ ကားများဖြင့် ပို့ဆောင်ပေးသွားမည်ဟု ဦးမျိုးဝင်းကဆိုသည်။

ထိုသို့ရထားလမ်းဖောက်ခွဲခံထားရသော်လည်း ရထားခရီးစဉ်များကို ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်းသိရသည်။

Mizzima Weekly