မလေးရှား၏ အနာဂတ်ခေါင်းဆောင်အဖြစ် ရှုမြင်ခံထားရသည့် နိုင်ငံရေးသမား အန်ဝါ အီဘရာဟင် ထောင်မှ ပြန်လွတ်

မလေးရှား၏ အနာဂတ်ခေါင်းဆောင်အဖြစ် ရှုမြင်ခံထားရသည့် နိုင်ငံရေးသမား အန်ဝါ အီဘရာဟင် ထောင်မှ ပြန်လွတ်

မေ ၁၆ ။           ။ ထောင်ဒဏ်ကျခံနေရသည့် မလေးရှား နိုင်ငံရေးသမား အန်ဝါ အီဘရာဟင်သည် မေလ ၁၅ ရက်က မလေးရှားဘုရင်၏ လွတ်ငြိမ်းချမ်းသာခွင့်နှင့်အတူ ပြန်လည်လွတ်မြောက်လာခဲ့ပြီ ဖြစ်သည်။

အန်ဝါ အီဘရာဟင်အနေဖြင့် ယခုအခါ မလေးရှား နိုင်ငံရေးလောကထဲ တရားဝင် ပြန်လည်ဝင်ရောက်လာတော့မည်ဖြစ်ပြီး လက်ရှိ ရွေးကောက်ပွဲနိုင်ကာ ၀န်ကြီးချုပ်ရာထူး ရယူထားသည့် မဟာသီယာ မိုဟာမက်၏ နေရာကို မကြာမီ နှစ်ပိုင်းအတွင်း ဆက်ခံသွားမည်ဟု ယုံကြည်ရသည်။

အကျဉ်းကျခံနေရင်းမှ ပြန်လည်လွတ်မြောက်လာသည့် အီဘရာဟင်မှာ ၎င်းခွဲစိတ်ကုသမှုတစ်ရပ် ခံယူထားခဲ့သည့် ကွာလာလမ်ပူ ဆေးရုံတစ်ခုမှ အပြင်သို့ ထွက်လာချိန်တွင် မျက်နှာမှာ ပြုံးရွှင်နေပြီး သတင်းထောက်များကိုလည်း လက်မထောင်ပြသွားခဲ့သည်။

အီဘရာဟင်အနေဖြင့် နေ့လည်ပိုင်းတွင် လူထုကို မိန့်ခွန်းပြောကြားသွားရန် ရှိနေသလို ညနေခင်းတွင် နိုင်ငံရေး အစည်းအဝေးတစ်ခုကို တက်ရောက်သွားမည်ဖြစ်ကြောင်း ၎င်း၏ ပါတီက ထုတ်ပြန်ထားသည်။

အသက် ရ၀ အရွယ် မလေးရှား အဓိကအတိုက်အခံ ခေါင်းဆောင်ဟောင်း အီဘရာဟင်မှာ ဓမ္မတာနှင့်ဆန့်ကျင်ကာမဆက်ဆံမှု၊ အဂတိလိုက်စားမှု စွဲချက်များဖြင့် ထောင်သွင်းအကျဉ်းကျနေခဲ့ပြီးမှ ယခုအခါ ၎င်း လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်ရေး မလေးရှားဝန်ကြီးချုပ်သစ် ဖြစ်လာသည့် မဟာသီယာ မိုဟာမက်က ကြိုးပမ်းပေးခဲ့သည်ဟု သိရသည်။

လက်ရှိ ၀န်ကြီးချုပ် မဟာသီယာမှာလည်း မစ္စတာ အန်ဝါ အီဘရာဟင် ၀န်ကြီးချုပ် ဖြစ်လာနိုင်ရန်အတွက် လာမယ့် နှစ် နှစ်အကြာတွင် လက်ရှိ၀န်ကြီးချုပ်ရာထူးမှ ဆင်းပေးမည်ဟု ကတိပြုထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly