နိုင်ဂျီးရီးယားတွင် အသေခံဗုံးခွဲ၍ ပြည်သူ့စစ် ငါးဦး သေဆုံး

နိုင်ဂျီးရီးယားတွင် အသေခံဗုံးခွဲ၍ ပြည်သူ့စစ် ငါးဦး သေဆုံး

 

ကာနို၊ မေ ၁၆ ။               ။ နိုင်ဂျီးရီးယား အရှေ့မြောက်ပိုင်းတွင် မေ ၁၅ ရက်က အသေခံဗုံးခွဲသမားတစ်ဦး ဗုံးဖောက်ခွဲ၍ ဘိုကိုဟာရမ် ဂျီဟတ်ဝါဒီများကို တိုက်ခိုက်နေသော ပြည််သူ့စစ်အဖွဲ့ဝင် ငါဦးသေဆုံးသည်ဟု အရေးပေါ်တာဝန်ရှိသူနှင့် အဖွဲ့ဝင်များက အေအက်ဖ်ပီသို့ ပြောသည်။

ဘော်နိုပြည်နယ် မြို့တော် မိတ်ဒူဂူရီမြို့ အရှေ့တောင်ပိုင်း ၅ ကီလိုမီတာအကွာ ကွန်ဒူဂါဆင်ခြေဖုံးအရပ်ရှိ ပြည်သူ့စစ်များ ကွပ်ကဲနေသော စစ်ဆေးရေးဂိတ်တွင် အမျိုးသားတစ်ဦးကို အသေခံဗုံးခွဲခြင်း ဖြစ်သည်။

“ပြည်သူ့စစ်တပ်ဖွဲ့ဝင် ငါးဦး ဒီအသေခံဗုံးခွဲမှုအတွင်းမှာ ကျဆုံးခဲ့ရတယ်။”ဟု ဘော်နိုပြည်နယ်ရှိ အမျိုးသားအရေးပေါ်စီမံရေးအေဂျင်စီမှ ပြောခွင့်ရသူ အီဘရာဟမ်က ဆိုသည်။

“စစ်ဆေးရေးဂိတ်မှာ သူ့ကို ရှာဖွေနေစဉ်မှာပဲ ဖောက်ခွဲလိုက်တာဖြစ်ပါတယ်။ ဒီအသေခံဗုံးခွဲမှုမှာ ဒဏ်ရာရသူလည်း ငါးဦး ရှိခဲ့တယ်။”ဟု ၎င်းက ပြောသည်။

ယခုတိုက်ခိုက်မှု မတိုင်မီ ပြီးခဲ့သည့် သီတင်းနှစ်ပတ်က အိမ်နီးချင်း အက်ဒမ်မာဝါပြည်နယ်က မူဘီမြို့တွင် ဗလီတစ်ခုနှင့် စျေးတစ်စျေးတွင် အသေခံဖောက်ခွဲမှုများ ဖြစ်၍ လူပေါင်း ၈၆ ဦး သေဆုံးခဲ့သည်။

နိုင်ဂျီးရီးယားနိုင်ငံအနေဖြင့် ၂၀၀၉ ခုနှစ်ကစပြီး အစ္စလာမ္မစ်အစွန်းရောက်များကို တိုက်ခိုက်နေရသည်။

၂၀၁၅ ခုနှစ်က သမ္မတ မူဟမ်မာဒူဘူဟာရီ တက်လာပြီးနောက် လုံခြံုရေးတပ်ဖွဲ့များက ဘိုကိုဟာရမ်အစွန်းရောက်တို့၏ သိမ်းပိုက်မြေများကို ပြန်လည်သိမ်းပိုက်နိုင်သော်လည်း ဂျီဟတ်ဝါဒီများက အသေအဆုံးများသော တိုက်ခိုက်မှုများ ဆက်လက်ကျူးလွန်ဆဲဖြစ်ကာ အိမ်နီးချင်း နီဂါ၊ ချက်ဒ်နှင့် ကမ်မရွန်းနိုင်ငံများအထိပါ စိမ့်ဝင်ပျံ့နှံ့ဖြစ်ပွားနေသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly