သထုံကွန်ပျူတာတက္ကသိုလ်အား ပြင်ဆင်ရေး စီစဉ်ဆောင်ရွက်နေသည်ဟု ပညာရေးဝန်ကြီး ပြောကြား

သထုံကွန်ပျူတာတက္ကသိုလ်အား ပြင်ဆင်ရေး စီစဉ်ဆောင်ရွက်နေသည်ဟု ပညာရေးဝန်ကြီး ပြောကြား

 

နေပြည်တော်၊ မေလ ၁၆ ။         ။ ကျောင်းခြံစည်းရိုးများမရှိ၍ မသက်ဆိုင်သူများဝင်ရောက်ပြီး မူးယစ်ဆေးဝါးများ သုံးစွဲနေဟုဆိုသော သထုံကွန်ပျူတာတက္ကသိုလ်အား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် စတင်ပြင်ဆင်ရန် ဆောင်ရွက်နေသည်ဟု ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။

မတ်လ ၁၅ ရက်က ကျင်းပပြုလုပ်သော ဒုတိယ အကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန် အစည်း အဝေးတွင် မွန်ပြည်နယ် သထုံမြို့၊ ကွန်ပျူတာ တက္ကသိုလ်တွင် ကျောင်းသား၊ ကျောင်းသူများ လုံခြုံရေးအတွက် ကျောင်းဝင်မုခ်ဦးနှင့် ကျောင်းရှေ့ဘက် မျက်နှာစာအား ခြံစည်းရိုး ကာရံပေးရန်နှင့် ကျောင်းသူများအတွက် ကျောင်းသူ (၃၀၀)ဆံ့ အဆောင် ဆောက်လုပ်ပေးရန် အစီစဉ်ရှိ/မရှိ မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၉)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဇော်လင်းထွဋ်က မေးမြန်းခဲ့ခြင်း ဖြစ်သည်။

"ကျောင်းဝင်မုခ်ဦးနှင့် ကျောင်းရှေ့ဘက် မျက်နှာစာသည် ခြံစည်းရိုး မရှိခြင်းကြောင့် အမြင်မတင့်တယ်ခြင်း မသက်ဆိုင်သူများ ၀င်ထွက်မှုများရှိပြီး အုပ်စုဖွဲ့ လာရောက်မှောင်ရိပ်ခိုခြင်း၊   ကျောင်းပိုင်ပစ္စည်းများနှင့် သစ်ပင်များအားဝင်ရောက်ဖျက်ဆီးခြင်းအရက်သေစာများ ၀ိုင်းဖွဲ့၍ လာရောက်စားသောက်တတ်ခြင်း ပင်မ ကျောင်းအုပ်ကြီးခန်းများသို့ လှည့်လည်ဝင်ရောက်၍ မူးယစ်ဆေးဝါးများ သုံးစွဲခြင်းတို့ကိုမကြာခဏ ကြုံတွေ့နေရပါတယ်” ဟု ဒေါက်တာဇော်လင်းထွဋ်က လွှတ်တော်တွင် ပြောခဲ့သည်။

ပညာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဆင့်မြင့်ပညာရေးဦးစီးဌာနအနေဖြင့် တစ်နိုင်ငံလုံးရှိကျောင်းများအား ဘဏ္ဍာငွေခွင့်ပြုချက်ပေါ်မူတည်ပြီး ဦးစားပေး ဆောင်ရွက်နေကြောင်း လွှတ်တော်တွင်း ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါသထုံကွန်ပျူတာတက္ကသိုလ်နှင့်ပတ်သက်ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ဧပြီလမှစက်တင်ဘာလ ခြောက်လဘတ်ဂျက်နှင့်ခွင့်ပြုရန်ပုံငွေနှင့် ဆောင်ရွက်ရန် စီစဉ်နေသည်ဟု  ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။

"ဒါကြောင့်မို့လို့ ကွန်ပျူတာတက္ကသိုလ်(သထုံ) ရဲ့ ကျောင်းအဝင်မုခ်ဦး ၊ ကျောင်းရှေ့မျက်နှာဘက်ခြမ်း ခြံစည်းရိုးခတ်ခြင်းပေ ၁၀၀၀ RC သံပန်း၊  စတီးပလိတ်အဝင်တံခါးအပါအဝင် ကျောင်းသားကျောင်းသူ ၁၀၀ဦးဆံ့ အိပ်ဆောင်၂၀၀ပေ ၃၅ပေ RC နှစ်ထပ်၊ ရေမီး အပါအဝင်ထမင်းစားဆောင်လည်း ၆၀ပေ ၃၀ပေတစ်ထပ် နှစ်လုံး၊ ပြီးရင် အဆောင်အဝင်လမ်း၂၀၀ပေ ၁၂ပေ၈ပေအဆောင်အဝင်လမ်းလည်း ပါပါတယ်။ ပြီးရင် ပြင်ပရေ (၄လက်မ အဝီစိ တွင်းဂါလံ( ၁၂၀၀၀)ဆံ့မြေအောက်ရေလှောင်ကန် ပြီးရင် ၅.၅Hpရှိတဲ့ Summersible Pump နဲ့ အဆောက်အဦး)ပြင်ပ လျှပ်စစ်မီးသွယ်တန်းဖို့လို့ အပါအဝင်တည်ဆောက်ရေးလုပ်ငန်းတွေကိုတော့၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ဧပြီလမှစက်တင်ဘာလခြောက်လ ဘတ်ဂျက်နှင့်ခွင့်ပြုရန်ပုံငွေနဲ့ ကျွန်တေ်ာတို့ ဒါဆောင်ရွက်ပေးဖို့လို့ အတွက်ကို ကျွန်တေ်ာတို့စီစဉ်ဆောင်ရွက်နေပါတယ်" ဟု ဒေါက်တာ မျိုးသိမ်းကြီးက ဖြေကြားခဲ့သည်။

သထုံကွန်ပျူတာတက္ကသိုလ်တွင် ကျောင်းသူများအတွက် ကျောင်းသူ (၃၀၀)ဆံ့ အဆောင် ဆောက်လုပ်ပေးရန် အစီစဉ်ရှိ/မရှိ မေးမြန်းရာတွင် လတ်တလောအနေဖြင့် ၁၀၀ ဆံ့အဆောင် ဆောက်လုပ်ပေးမည်ဟု သိရသည်။

ဒေါက်တာမျိူးသိမ်းကြီးက " ကျောင်းသား ကျောင်းသူ၊ ကျောင်းသူ ၃၀၀ဆံ့လိုအပ်တယ်လို့တွေ့ရှိရသော်လည်းပဲ ကျွန်တေ်ာတို့ အနေနဲ့ ကျန်တဲ့တက္ကသိုလ် ဒီဂရီ ကောလိပ်တွေ ၁၃၀ စလုံးအတွက်ကို ကျွန်တေ်ာတို့စာသင်ဆောင်တွေ ပြီးရင်ကျောင်းသားကျောင်းသူတွေရဲ့ အိပ်ဆောင်တွေ ၀န်ထမ်းအိမ်ယာတွေ အားကစားရုံတွေ ၊ အားကစားကွင်းတွေ ခန်းမတွေ ဒါတွေ ဖြည့်ဆည်းဆောင်ရွက်ပေးရတာဖြစ်တဲ့ အတွက်  ကျောင်းသူအိပ်ဆောင်ကိုတော့ ၁၀၀ဆ့ံပဲ လောလောဆယ် လျာထားပြီးဆောင်ရွက်နေပါတယ်။ " ဟု ထည့်သွင်းဖြေကြားခဲ့သည်။

သထုံကွန်ပျူတာတက္ကသိုလ်အား ၂၀၀၀ ခုနှစ်တွင် အစိုးရ စက်မှုလက်မှု အထက်တန်းကျောင်း မော်လမြိုင်မြို့၏ ပရဝဏ်အတွင်း စတင်ဖွင့်လှစ်ခဲ့ပြီး ၊ ၂၀၀၁ တွင် ကျိုက်မရော မြို့နယ် ညောင်ပင်ဆိပ်ကျေးရွာအုပ်စု မော်လမြိုင်စက်မှုဇုန်အနီးတွင် ၄င်း၊ ၂၀၁၀ ခုနှစ်တွင် ၄င်းတက္ကသိုလ်အား မော်လမြိုင်မြို့နှင့် ကွာဝေးသောမွန်ပြည်နယ်၊  သထုံမြို့နယ်၊ ဂေါ့ကျေးရွာရှိ ၀န္ဒာမိတောင်ခြေတွင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly