နောင်တောင်းညီလာခံဖွင့်ပွဲနှင့်ဗုဒ္ဓကောလိပ်ကျောင်းရေစက်ချအခမ်းအနား ဟိုပုံးတွင် ကျင်းပ

နောင်တောင်းညီလာခံဖွင့်ပွဲနှင့်ဗုဒ္ဓကောလိပ်ကျောင်းရေစက်ချအခမ်းအနား ဟိုပုံးတွင် ကျင်းပ

ဟိုပုံး   မေ  ၁၆ ။         ။ နောင်တောင်းညီလာခံဖွင့်ပွဲနှင့် နောင်တောင်းဗုဒ္ဓကောလိပ်ကျောင်းရေစက်ချ အခမ်းအနားကို ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် မေလ ၁၅ ရက်နေ့ ညနေပိုင်းက ကျင်းပခဲ့သည်။

နောင်တောင်းဗုဒ္ဓကောလိပ်အတွင်းရှိ သာသနိက အဆောက်အဦများကို ရှမ်းပြည်နယ်အတွင်းရှိ သံဃာတော်အပါး ၁၀၀၀ ပင့်ဖိတ်၍ အလှူရှင်များစုပေါင်းရေစက်ချ လှူဒါန်းခဲ့ခြင်း၊ ရဟန်းခံရှင်ပြုအပါး ၁၀၀၀ ၊ သီလရှင် အပါး ၅၀၀ ဝင်ခြင်းနှင့် သံဃာ့ညီလာခံအခမ်းအနား ကျင်းပခဲ့ ခြင်း ဖြစ်သည်။

ယခင်က စာကြီးပေကြီးများသင်ကြားရန်အတွက် ရန် ကုန်၊ မန္တလေးမြို့ကြီးများတွင် သွားရောက်သင်ကြားခဲ့ရပြီး ယခုကဲ့သို့ ဗုဒ္ဓကောလိပ် ဖွင့်လှစ်နိုင်သည့်အတွက် သံဃာတော်များအတွက် အကျိုးကျေးဇူးများလှသည် ဟု ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး ဦးအောင်ခမ်းထီက မဇ္ဈိမသို့ ပြောကြားသည်။

" အဘတို့ဒေသမှာ အခုလို ရဟန်းသံဃာတော်များ ဦးစီး ပြီးတော့ အထူးသဖြင့် နောင်တောင်းပရဟိတကျောင်း ဆရာတော်က အမှူးပြုပြီးတော့မှ ပတ်ဝန်းကျင်သံဃာ တော်များနဲ့တကွ ကူညီမှုရယူပြီး အခုလို ဗုဒ္ဓကောလိပ် ဖွင့်လှစ်ပါတယ်၊ အဘတို့ ဒေသမှာ ဖွင့်ဖြစ်တဲ့အတွက် သံဃာ တော်အရှင်သူမြတ်တွေလည်း အထောက်အကူ ဖြစ်တယ်၊ တစ်ချိန်တစ်ခါတုန်းကတော့ စာကြီးပေကြီးတွေ လိုက်သင်မယ်ဆို ဒါ ရန်ကုန်၊ မန္တလေးတို့ဘာတို့ သွားနေရတယ်၊ အခုလိုဗုဒ္ဓကောလိပ် ဒီမှာရှိလာတဲ့ အခါ ကျတော့ ဒီကရဟန်းသံဃာတော်များလည်းပဲ မိဘရပ်ရွာ မခွဲခွာဘဲနဲ့ ဒီဒေသမှာပဲ သင်ယူနိုင်တဲ့အနေ အထားရှိတဲ့အတွက် အင်မတန်မှဝမ်းမြောက်ဂုဏ်ယူဖွယ်ရာ ဖြစ်ပါတယ်၊ တစ်နည်းအားဖြင့် အမျိုးဘာသာ သာ သနာအကျိုး ဆောင်ရွက်တဲ့ မျိုးချစ်သံဃာတော်များအတွက်   ကျေးဇူးများလှပါတယ်" ဟု ဦးအောင်ခမ်းထီက ပြောသည်။

အခမ်းအနားတွင် ပအိုဝ်းစာပေပြန့်ပွားရေးဥက္ကဋ္ဌ ဆီဆိုင် ဆရာတော်က သြဝါဒပေးခြင်း၊ ညီလာခံ ဖြစ်မြောက်ရေး ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တနိမ္မလ ( ဗုဒ္ဓကောလိပ်ကျောင်း အုပ်ဆရာတော်)က ဝမ်းမြောက်စကားမိန့် ကြားခြင်း၊ ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး ဦးအောင်ခမ်းထီက ဝမ်းမြောက်အမှာစကားပြောကြားခြင်းနှင့် ဗုဒ္ဓကောလိပ် ကျောင်းဆောင်များအတွက် အလှူရှင်များက လှူဒါန်းမှုအစု စု ရေစက်သွန်းချ အမျှပေးဝေခြင်းများ ပြုလုပ်ခဲ့ကြသည်။

ယင်းနောက် စာတမ်းဖတ်ကြားခြင်း အစီစဉ်အဖြစ် နောင် တောင်းဗုဒ္ဓကောလိပ်ကျောင်းအုပ်ဆရာတော်က သဘာပတိအဖြစ်ဆောင်ရွက်တော်မူ၍ ကလောမြို့၊ သီတဂူကမ္ဘောဇကျောင်းဆရာတော်၊ ဆီဆိုင်မြို့မှ အဂ္ဂမဟာပဏ္ဍိတ ဇဝနာရာမပရိယတ္တိ စာသင်တိုက် ဆရာတော်၊ တောင်ကြီးမြို့နယ်၊ ထီဟန်းဆွေးကျောင်း ဆရာတော်၊ ဟိုပုံးမြို့မှ သာသနာလင်္ကာရ (သာမဏေ ကျော်ကျောင်း ဆရာတော် )တို့က သာသနာတော် ဖွံ့ဖြိုး ပြန့် ပွားရေးဆိုင်ရာစာတမ်းများ ဖတ်ကြားခဲ့သည်။ ထို့ပြင် ပရိယတ္တိပညာရေး၊ ပဋိပတ္တိကျင့်ကြံနေထိုင်ရေး၊ ရှေး ဟောင်း စာပေ၊ ပုရပိုဒ်ထိန်းသိမ်းရေး၊ သာသနာ့ဝန်ထမ်း၊ ရှင်သာမဏေများ တိုးပွားရှင်သန်ရေး၊ ယဉ်ကျေးလိမ္မာ ဗုဒ္ဓဘာသာသင်ခန်းစာ သင်ကြားမှုပြန့်ပွားရေး၊ ဆရာ တော်ကြီးများ၏ ထေရုပတ္တိ စသည့် ခေါင်းစဉ် ၆ ချက်ဖြင့် ဆွေးနွေးတော်မူခဲ့ကြသည်။

" မိမိတို့ရဲ့ထေရ်ဝါဒဗုဒ္ဓသာသနာ အဓွန့်ရှည်တည်တန့် ခိုင် မြဲဖို့အတွက် သံဃာဆိုင်ရာကဏ္ဍတွေမှာ ဗုဒ္ဓကောလိပ် ကနေ ဗုဒ္ဓတက္ကသိုလ်အဆင့်အထိ ဖြစ်လာဖို့ ရည်မှန်း ထားတာ ဖြစ်ပါတယ်၊ အောင်မြင်နိုင်ဖို့အတွက် ရဟန်း သာမဏေများများပေါ်ထွန်းနိုင်ဖို့ရာ အဓိကကျပါတယ်၊ အဲဒီတော့ သာသနာပိုင်းဆိုင်ရာ ပုဂ္ဂိုလ်များကလည်း ဒီ နေ့ ညီလာခံလုပ်တဲ့အခါမှာ အမျိုးဘာသာသနာအတွက် ထေရ်ဝါဒလုပ်ငန်းတွေမှာ စည်းစည်းလုံးလုံးတက်တက် ကြွကြွနဲ့ အနာဂါတ်ရဲ့သွားရမယ့် လမ်းကြောင်းတစ်ခုကို ဝိုင်းပြီးတော့မှ ညီလာခံဆုံးဖြတ်ချက်နဲ့အတူ ဒေသတွင်း မှာ သံဃာတော်များ ဆက်ပြီး အကောင်အထည်ဖော် နိုင် တဲ့ကဏ္ဍက အရေးကြီးပါတယ်၊ ဒီလိုဖော်ဆောင်နိုင်ဖို့ ကလည်း ဆရာဒကာညီညွတ်ပြီးသားလည်းဖြစ်ပါတယ်" ဟု ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်က ပြောသည်။

လွန်ခဲ့သည့် ရ နှစ်က နောင်တောင်းပရဟိတကျောင်း တွင် ကျောင်းသား ၄၀၀ ဝန်းကျင်ရှိခဲ့ပြီး ဆရာတော် အခက် အခဲများရှိနေစဉ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး အဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်နှင့် စပ်ဆက်မိပြီး ပါရမီစွမ်းအင် ကုမ္ပဏီများအုပ်စုအနေဖြင့် လစဉ်အလှူငွေနှင့် တတ်နိုင် သ၍ သာသနိကအဆောက်အအုံများ လှူဒါန်းခဲ့သည်ဟု  ပါရမီစွမ်းအင်ကုမ္ပဏီများအုပ်စု လူမှုရေးရာတာဝန်ခံ ဦး အောင်မိုးရှိန်က ပြောသည်။

" ဆရာတော်အခက်အခဲရှိနေတာကို ဦးတို့ပိုင်ရှင် ကုမ္ပဏီက စီအီးအိုလည်းဖြစ်တဲ့ ဦးပြည့်ဝထွန်းကို တတ်နိုင်သရွေ့ကူညီပါဦးဆိုတော့ လာတယ်၊ အဲဒီမှာ ဆရာတော်နဲ့စတွေ့တယ်၊ စတွေ့ရာကနေ အခက်အခဲတွေ သိပြီး တော့ ပအိုဝ်းအမျိုးသားယဉ်ကျေးမှုအတွက်သာမက အမျိုးဘာသာအတွက်ပါ ဆရာတော်က အများကြီး လုပ်နေတာမျိုး ဖြစ်တဲ့အတွက် အဲဒီကတည်းက လစဉ်ရော၊ တတ်နိုင်သရွေ့သာသနိကအဆောက်အအုံတွေရောကို ဦးတို့  ပါရမီစွမ်းအင်ကုမ္ပဏီများအုပ်စုအနေနဲ့ ရက်ရက်ရောရော လှူ ဒါန်းခဲ့တာဖြစ်ပါတယ်၊ ဆက်လက်လှူဒါန်း သွားဖို့ အစီစဉ်တွေလည်း ရှိပါသေးတယ်" ဟု ပါရမီစွမ်းအင်ကုမ္ပဏီများအုပ်စု လူမှုရေးရာတာဝန်ခံ ဦးအောင်မိုးရှိန်က ပြောသည်။

အခမ်းအနားကို ရှမ်းပြည်နယ် သံဃနာယက ဆရာတော်များ၊ ပြည်နယ်အတွင်းရှိ ကျောင်းတိုက်အသီးသီးမှ သံဃာတော်အရှင်သူမြတ်များ၊ ပအိုဝ်းအမျိုးသားခေါင်း ဆောင်ကြီး ဦးအောင်ခမ်းထီ၊ ပအိုဝ်းကိုယ် ပိုင်အုပ်ချုပ်ခွင့် ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်နှင့် အဖွဲ့ဝင်များ၊ ပြည် နယ်အစိုးရအဖွဲ့ဝင်များ၊ တက်ရောက်ခဲ့ကြသည်။

နောင်တောင်းဗုဒ္ဓကောလိပ်သည် ရှမ်းပြည်နယ် တောင် ပိုင်း၊ ဟိုပုံးမြို့၊ ထမ်းဖရာပေါက်ရပ်ကွက်၊ မိုင်းပြင်းလမ်း တွင် တည်ရှိပြီး နောင်တောင်းပရဟိတတပ်ဦးကျောင်း ဆရာတော် ရာဇိန္ဒသီရိက ၂၀၁၆ ခုနှစ်တွင် စတင် တည် ထောင်ခဲ့ပြီး ယခုအချိန်တွင် စာသင်သား ၈၅ ပါး လက်ခံ သင်ကြားပေးလျှက်ရှိသည်။

Buddhist Studies နှင့်စပ်ဆိုင်သည့် ဘာသာရပ်များကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာ၊ General English အပြင်  ကွန်ပျူတာနည်းပညာများကိုလည်း ထည့်သွင်း၍ ဒီပလိုမာအတန်း ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်အဖြစ် သင် ကြားပို့ချပေးလျှက်ရှိပြီး လာမည့်နှစ်တွင် ဒီပလိုမာဘွဲ့ စတင်ပေးနိုင်ရန်နှင့် နောင်တောင်းဗုဒ္ဓကောလိပ်မှ နောင်တောင်းဗုဒ္ဓတက္ကသိုလ်အဖြစ်သို့ တိုးချဲ့ဖွင့်လှစ်ရန် လည်း စီစဉ်ထားကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required