ဆွာဇီလန်တွင် ဘုရင်ကြင်ယာသစ်ရွေးပွဲသို့ လာသည့် ကားတိမ်းမှောက်၍ မိန်းကလေး ၃၀ကျော်သေဆုံး

ဆွာဇီလန်တွင် ဘုရင်ကြင်ယာသစ်ရွေးပွဲသို့ လာသည့် ကားတိမ်းမှောက်၍ မိန်းကလေး ၃၀ကျော်သေဆုံး

ဆွာဇီလန်နိုင်ငံတွင် ဘုရင် မတ်စ်ဝါတီ-၃ ၏ ကြင်ယာသစ်ရွေးချယ်နိုင်သည့် ရိုးရာပွဲတော်သို့ လာရောက်ရာတွင် ယာဉ်တိမ်းမှောက်မှုဖြစ်၍ မိန်းကလေး ၃၈ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၂၀ ကျော်ရှိ ခဲ့ကြောင်း ဒီမိုကရေစီထောက်ခံသည့် တက်ကြွလှုပ်ရှားသူများက ပြောသည်။

ဘုရင်နိုင်ငံ၏ အဓိကမြို့များဖြစ်သည့် မာဘာဘန်နှင့် မန်ဇီနီနှစ်မြို့ကြားတွင် မိန်းကလေးများ လိုက်ပါသည့် အမိုးဖွင့်ထရပ်ကားနှင့် အခြားကားတစ်စီးတို့ တိုက်မိခြင်းဖြစ်သည်။

”စုစုပေါင်း သေဆုံးသူ မိန်းကလေးပေါင်းက ၃၈ ဦးရှိနေပါတယ်။ ကျန် ၂၀ ကျော်လည်း အပြင်းအထန် ဒဏ်ရာရခဲ့တယ်။”ဟု တောင်အာဖရိကဒေသတွင်း ကုန်းတွင်းပိတ်နိုင်ငံ ဒီမိုကရေစီအရေး တိုက်ပွဲ ဝင်နေသည့် ှဆွာဇီလန်သွေးစည်းရေးနက်ဝက်မှ ပြောရေးဆိုခွင့်ရှိသူ လက်ကီလက်ဟီလီက ပြောသည်။

Reed Dance ဟုခေါ်သော အလှမယ်ပြိုင်ပွဲဖြစ်သည့် ယင်းကြင်ယာရွေးပွဲတော်ကို သြဂုတ် ၃၁ ရက်တွင် ကျင်းပမည်ဖြစ်ရာ ယခုမိန်းကလေးများက လာရောက်ခြင်းဖြစ်သည်။

ယင်းပွဲတော်တွင် မယားများစွာ တင်မြှောက်နိုင်ပိုင်ခွင့်ရှိသည့် ဘုရင်ရှေ့မှောက်တွင် မိန်းကလေးများက ကပြအသုံးတော်ခံရခြင်းဖြစ်ပြီး ငယ်ရွယ်သူမိန်းမပျို ထောင်ပေါင်းများစွာတို့ စိတ်ဝင်စားသည့် ပွဲဖြစ်သည်။ ယင်းသို့ ကပြသူမိန်းကလေးများမှ ကြင်ယာသစ်ကို ဘုရင်ဖြစ်သူက ရွေးချယ်တင်မြှောက်နိုင်သည်။

Ref: Yahoo News

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required