အဲကွန်းပါ YBS ယာဉ်လိုင်းသစ်ကို ကျောက်တန်း-တာမွေ ပြေးဆွဲမည်

အဲကွန်းပါ YBS ယာဉ်လိုင်းသစ်ကို ကျောက်တန်း-တာမွေ ပြေးဆွဲမည်
ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော Air Con Bus ကား တစ်စီးအား တွေ့ရစဉ်။

မေ ၁၅။         ။ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်တွင် အဲကွန်းတပ်ဆင်ထားသော YBS ယာဉ်လိုင်းသစ်ကိုလာမည့် မေလကုန်၌် ပြေးဆွဲသွားနိုင်ရန်   ရွှေတောင်ပိုင်းအများပိုင်ယာဉ်လိုင်း ကုမ္ပဏီမှ စီစဉ်နေကြောင်း သိရသည်။

အဆိုပါ အဲကွန်းယာဉ်လိုင်းသစ်မှာ ကျောက်တန်းမှ တာမွေသို့ ပြေးဆွဲမည် ဖြစ်သည်ဟု ရွှေတောင်ပိုင်း အများပိုင်ယာဉ်လိုင်းကုမ္ပဏီမှ မဇ္ဈိမသို့ အတည်ပြုပြောသည်။

“ဒီလကုန် ကျောင်းဖွင့်ချိန်အမှီ ပြေးဆွဲနိုင်ဖို့တော့ စီစဉ်ထားတယ်။ ယာဉ်လိုင်းပြေးဆွဲဖို့ ခွင့်ပြုချက်တော့ ကျပါပြီ ” ဟု ရွှေတောင်ပိုင်းအများပိုင်ယာဉ်လိုင်းကုမ္ပဏီ၏ မန်းနေဂျင်းဒါရိုက်တာ ဦးတင်ထွန်းက ပြောသည်။

ယာဉ်လိုင်းသစ်ကို ယာဉ် အစီးရေ ၅၀ဖြင့်ေ ပြးဆွဲနိုင်ရန် စီစဉ်ထားပြီး ကျောက်တန်း-တာမွေ ယာဉ်စီးခအား အများဆုံး ၂၀၀ ကျပ် ဖြင့်သာ ပြေးဆွဲနိုင်ရန် လတ်တလော ဆုံးဖြတ်ထားကြောင်း ရွှေတောင်ပိုင်း အများပိုင်ယာဉ်လိုင်း ကုမ္ပဏီမှ မေလ ၁၅ ရက်တွင် သိရသည်။

လက်ရှိအချိန်တွင် ကျောက်တန်းမှ ရန်ကုန်မြို့တွင်းသို့ မီနီဘတ်စ်ခရီးသည်တင်ယာဉ်များဖြင့် ပြေးဆွဲနေပြီး ခရီးသွားပြည်သူများ အခက်အခဲအချို့ကြံုတွေ့နေရကြောင်း ကြားသိရသည်။

ကျောက်တန်းနှင့်ရန်ကုန်အကြား အကွားအဝေး ၂၂ မိုင်ခန့်ရှိပြီး ၂ နာရီကြာ ကားစီးရသည့်အတွက် ယခု အဲကွန်းတပ်ဆင်ထားသော ဟွန်ဒိုင်းယာဉ်များဖြင့် ပြေးဆွဲနိုင်ရန် စတင်လုပ်ဆောင်နေခြင်း ဖြစ်သည်။

“အခုပြေးဆွဲနေတာက မီနီဘတ်စ်ကားအသေးလေးတွေဖြစ်တဲ့အတွက် လူအင်အားက အရမ်းများတယ်။ အကုန်လုံးက အလုပ်ကိစ္စ၊ ကျောင်းကိစ္စနဲ့ သွားနေတယ်။ တောက်လျောက်ခရီးစဉ်အရှည်ကြီးကို ကျပ်ကျပ်သပ်သပ်နဲ့ သွားနေရတယ်။ ဒါကအဓိက အခြေခံလိုအပ်ချက်ဖြစ်ပြီး လက်ရှိမဖြစ်မနေ လိုအပ်ချက် ဖြစ်တယ်” ဟု ကျောက်တန်းမြို့နယ်   ပြည်သူ့လွတ်တော်ကိုယ်စားလှယ်   ဒေါ်အေးမြမြမျိုးက ပြောသည်။

ရွှေတောင်ပိုင်း အများပိုင်ယာဉ်လိုင်း ကုမ္ပဏီလက်အောက်တွင် ယာဉ်လိုင်းပေါင်း ၁၀လိုင်းပြေးဆွဲနေပြီး YBS ၃၂၊ YBS ၃၃ တို့မှာ ကျောက်တန်းသို့ပြေးဆွဲနေပြီး YBS ၃၄ မှာ ခရမ်းသုံးခွသို့ ပြေးဆွဲနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required