ရိုက်တာသတင်းထောက်များ အဖမ်းခံရမှု ထောင်ချောက်ဆင်ခြင်းမဟုတ်ဟု ရဲချုပ် ငြင်းဆို

ရိုက်တာသတင်းထောက်များ အဖမ်းခံရမှု ထောင်ချောက်ဆင်ခြင်းမဟုတ်ဟု ရဲချုပ် ငြင်းဆို
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲချုပ်အောင်ဝင်းဦး (ဓာတ်ပုံ- ဟိန်းထက်/EPA)

နေပြည်တော်(မေလ ၁၅ရက်၊ ၂၀၁၇ခုနှစ်)။ ။ ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်သော ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ နှစ်ဦးကို ထောင်ချောက်ဆင် ဖမ်းဆီးခဲ့ခြင်းမဟုတ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲချုပ် အောင်ဝင်းဦးက ပြောကြားလိုက်သည်။

“ရိုက်တာကိစ္စ ဦးမိုးရန်နိုင်က ထောက်ချောက်ဆင် ဖမ်းဆီးတယ်လို့ ထွက်ဆိုပါတယ်။ ထောက်ချောက်ဆင်ခဲ့ခြင်း မရှိပါဘူး။ အဲဒီတော့ ထောက်ချောက်ဆင် ဖမ်းဆီးမှု မဆောင်ရွက်ပါဘူး။ မလုပ်ပါဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဦးမိုးရန်နိုင်ရဲ့ အပြောတခုပဲ သတင်းထောက်ကြီးတို့ သိထားတာ ရှိပါသေးတယ်။ တရားလိုပြ သက်သေတွေ ကျန်ပါသေးတယ်။ ကျန်နေတဲ့ တရားလိုပြ သက်သေတွေရဲ့ တရားရုံးထွက်ဆိုချက်တွေကိုလည်း နားထောင်ကြည့်ပါဦး” ဟု ရဲချုပ် အောင်ဝင်းဦးက နေပြည်တော်၊ ပြန်ကြားရေးဝန်ကြီးဌာနတွင် မေ ၁၅ရက်ကပြုလုပ်သည့် အစိုးရသက်တမ် ဒုတိယနှစ်အတွင်း ဆောင်ရွက်ခဲ့မှုများအပေါ် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်းရှိ လုံခြံုရေးဆိုင််ရာ စာရွက်စာတမ်းများတွေ့ရှိသည်ဟုဆိုကာ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေဖြင့် ဖမ်းဆီးခံထားရသော ရိုက်တာသတင်းထောက် နှစ်ဦးကို ထောင်ချောက်ဆင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု တရားလိုပြသက်သေ ဒုရဲမှူးမိုးရန်နိုင်၏ ထွက်ဆိုချက်အပေါ် ရဲချုပ်က ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။

ရိုက်တာသတင်းထောက်နှစ်ဦးကို ထောင်ချောက်ဆင် ဖမ်းဆီးရန် ရဲမှူးချုပ် တင်ကိုကိုက ဦးစီးကွပ်ကဲခဲ့ခြင်းဖြစ်ကြောင်း ဒုရဲမှူးဟောင်းဖြစ်သူ ဦးမိုးရန်နိုင်က တရားခွင်တွင် ထွက်ဆိုထားသည်။

ယင်းထွက်ဆိုချက်နှင့်ပတ်သက်ပြီး ရဲချုပ် အောင်ဝင်းဦးက “သူ(ရဲမှူးချုပ် တင်ကိုကို)ကလည်း ဦးမိုးရန်နိုင်ပြောသလို ဇာတ်လမ်းအခြေအနေကို ဖန်တီးခဲ့တာ မဟုတ်ပါဘူး။ ရိုက်တာသတင်းထောက် ပုဂ္ဂိုလ်နှစ်ဦးကို ရဲမှူးချုပ် တင်ကိုကိုက တွေ့ဖူးခြင်းလည်း မရှိပါဘူး။ သိထားခြင်းလည်း မရှိတဲ့ အခြေအနေ ဖြစ်ပါတယ်။ သူတို့ကို အမှုရင်ဆိုင်မှပဲ သိတဲ့ အခြေအနေ ဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဦးမိုးရန်နိုင်ကို ရဲမှူးချုပ် တင်ကိုကိုက ဖမ်းဆီးဖို့ တစ်စုံတရာ အမိန့်မပေးခဲ့ပါဘူး” ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။

ကျန်နေသေးသည့် တရားလိုပြသက်သေများရဲ့ တရားရုံးထွက်ဆိုချက်များကို စောင့်နားထောင်ကြရန်လည်း ရဲချုပ်က ပြောကြားသည်။ လက်ရှိတွင် တရားလိုပြသက်သေ ၂၅ဦးအနက် ၁၈ဦးကို စစ်ဆေးထားပြီးဖြစ်ကာ ဆက်လက်စစ်ဆေးရန် ရဦး ကျန်ရှိနေသေးသည်။

ရိုက်တာသတင်းထောက်နှစ်ဦးကို လျှို့ဝှက်စာရွက်စာတမ်းများတွေ့ရှိ၍ ရဲတပ်ဖွဲ့ လုပ်ထုံးလုပ်နည်းအရ အမှုတည်ဆောက်ခြင်း ဖြစ်ကြောင်း၊ မည်သို့အရေးယူမည်ကို ဥပဒေအကြံဉာဏ်တောင်းပြီး တရားရုံးတင်ခဲ့ခြင်း ဖြစ်ကြောင်း၊ သက်သေအားလုံးစစ်ဆေးပြီးမှ အမှုကို စွဲချက်တင်၊ မတင် ဆုံးဖြတ်မှာဖြစ်ကြောင်းနှင့် ရဲတပ်ဖွဲ့အနေဖြင့် တရားရုံးစစ်ဆေးဆဲအမှုဖြစ်၍ တရားရုံး အဆုံးအဖြတ်အတိုင်းသာ ဖြစ်ကြောင်းလည်း ရဲချုပ် အောင်ဝင်းဦးက ဆက်လက် ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့ ညပိုင်းက စားသောက်ဆိုင် တစ်ခုတွင် ရိုက်တာသတင်းထောက်များဖြစ်သည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို ဒုရဲမှူး မိုးရန်နိုင်နှင့် တပ်ကြပ်ကြီး ခင်မောင်လင်းတို့က ခေါ်ယူတွေ့ဆုံခဲ့ပြီး ဆိုင်မှ ပြန်အထွက်တွင် ရခိုင်ပြည်နယ် အရေးကိစ္စများနှင့် ပတ်သက်သည့် လျှို့ဝှက်စာရွက်စာတမ်းများ တွေ့ရှိခဲ့သည်ဟုဆိုကာ နိုင်ငံတော်အစိုးရ လျှိူ့ဝှက်ချက်များ အက်ဥပဒေဖြင့် ဖမ်းဆီးတရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly