ကယ်လီဖိုးနီးယားပြည်နယ် ဖူလာတန်မြို့မှ အက်ဒွါဒိုလီယွန်ဆိုသော အမျိုးသားတစ်ဦးသည် ဟောလိ၀ုဒ် တောင်ကုန်းရှိ အဆိုတော်ရီဟားနား၏နေအိမ်သို့ ဖောက်ထွင်းဝင်ရောက်ခဲ့ပြီး နေအိမ်အတွင်း၌ ၁၂ နာရီ ကြာ နေထိုင်ခဲ့သည့်အတွက် သူ့ကို ရဲတပ်ဖွဲ့က ကြီးလေးသောပြစ်မှု ၃မှုဖြင့် စွဲချက်တင်ထားခဲ့သည်။
ထိုအမျိုးသားသည် ဟောလိ၀ုဒ်တောင်ကုန်းရှိ ရီဟားနား၏နေအိမ်သို့ ဖောက်ထွင်းဝင်ရောက်ခဲ့ပြီး အိမ်ထဲ၌ ၁၂နာရီကြာနေထိုင်ခဲ့သည့်အပြင် ရီဟားနားကိုလည်း တိတ်တဆိတ်ချဉ်းကပ်နေခဲ့သည်ဟု စွဲချက်တင်ခံထားရ ပြီး သူ့ကို တနင်္လာနေ့တွင် အမှုဖွင့်အရေးယူနေကြောင်း လော့စ်အိန်ဂျယ်လိစ်ကောင်တီရှိ အစိုးရရှေ့နေများက ဆိုခဲ့သည်။
လက်ရှိအချိန်ထိ တရားခံဘက်မှ အယူခံဝင်ခြင်းမရှိသေးသလို သူ၏ ထံတွင် ရှေ့နေရှိသလားဆိုတာကိုလည်း ရှင်းရှင်းလင်းလင်းမဖြစ်သေးကြောင်း သိရသည်။
လီယွန်သည် လွန်ခဲ့သော မေလ ၉ ရက်နေ့က ရီဟားနား၏အိမ်ခြံစည်းရိုးကို ခွကျော်တက်ပြီး နေအိမ် အတွင်းသို့ ၀င်ရောက်ခဲ့ခြင်းဖြစ်သည်။ ရီဟားနား၏ ကိုယ်ရေးလက်ထောက်ဖြစ်သူက သူ့ကိုတွေ့ရှိခဲ့ပြီး ရဲလက်အပ်ခဲ့ခြင်းဖြစ်သည်ဟု အာဏာပိုင်များကဆိုခဲ့သည်။
အခင်းဖြစ်ပွားချိန်တွင် ရီဟားနားသည် သူမ၏နေအိမ်၌ ရှိမနေခဲ့ကြောင်း သိရသည်။
Ref; Billboard