အစ္စရေးတို့၏ အကြမ်းဖက်ဖြိုခွင်းမှုအား ဆန့်ကျင်ဆန္ဒပြဖို့ ပါလက်စတိုင်းသမ္မတ နှိုးဆော်

အစ္စရေးတို့၏ အကြမ်းဖက်ဖြိုခွင်းမှုအား ဆန့်ကျင်ဆန္ဒပြဖို့ ပါလက်စတိုင်းသမ္မတ နှိုးဆော်

ပါလက်စတိုင်း၊ မေ ၁၅ ။                       ။ ဂျေရုစလမ်မြို့ရှိ အမေရိကန်သံရုံးဖွင့်ပွဲအခမ်းအနားကို ဆန့်ကျင်သည့်အနေဖြင့် ဂါဇာဒေသ၌ပြုလုပ်ခဲ့သော ပါလက်စတိုင်းတို့၏ လူထုချီတက်ပွဲအား အကြမ်းဖက်ဖြိုခွင်းခဲ့သော အစ္စရေးတို့၏လုပ်ရပ်ကို အထွေထွေ သပိတ်မှောက်ပြီး ဆန့်ကျင်ဆန္ဒပြကြဖို့ ပါလက်စတိုင်းသမ္မတမာမွတ်အာဘတ်စ်က တနင်္လာနေ့က တောင်းဆိုခဲ့သည်။

အစ္စရေးတို့၏ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ချီတက်ဆန္ဒပြသူ ၅၂ဦးသေဆုံးခဲ့ပြီး လူ ၂၄၀၀ ကျော်ဒဏ်ရာရရှိခဲ့ သည့်အတွက် မာမွတ်အာဘတ်စ်က ဆန့်ကျင်ဆန္ဒပြမှုများကို အင်္ဂါနေ့တွင်ပြုလုပ်သွားဖို့ တောင်းဆိုခဲ့ခြင်းဖြစ် သည်။

ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့မှ အလုပ်အမှုဆောင်ကော်မတီဝင် ၀ါဆယ်အဘူယူဆပ်ဖ်က အင်္ဂါနေ့တွင် ပြုလုပ်မည့် အထွေထွေသပိတ်မှောက်ပွဲသည် ဂါဇာဒေသအတွင်း ပါလက်စတိုင်းတို့ကို အစုလိုက်အပြံုလိုက် သတ်ဖြတ်မှုအား ဆန့်ကျင်ခြင်းဖြစ်သည်ဟု ဆိုခဲ့သည်။

ဒါ့အပြင် အနောက်ဘက်ကမ်းဒေသတွင်လည်း အင်္ဂါနေ့၌ ဆန္ဒပြပွဲအများအပြား ဆက်လက်ဖြစ်ပွားလာနိုင်ချေရှိ ပြီး သေဆုံးသွားခဲ့ရသော ပါလက်စတိုင်းလူမျိုး ၅၂ဦးအတွက် ဖယောင်းတိုင် ၅၂ တိုင်ကို ထွန်းညှို၍ ရည်စူးဂုဏ်ပြုသွားဖို့ရှိကြောင်း သူက ဖြည့်စွက်ပြောဆိုခဲ့သည်။

တနင်္လာနေ့က ပါလက်စတိုင်းလူမျိုး ၃၀၀၀ ကျော်ခန့်သည် ရာမာလာရှိ ရာဆာအာရာဖတ်ရင်ပြင်မှနေ၍ ချီတက်ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး အစ္စရေးတို့ဘက်မှ အကြမ်းဖက်ဖြိုခွင်းခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ရခြင်းအတွက် ဟားမက်စ်အဖွဲ့၌သာ တာဝန်ရှိကြောင်း အမေရိကန်တို့ဘက်မှ တစ်ဖက်သက်ဆန်စွာ ပြစ်တင်ဝေဖန်ခဲ့သည်။

“လူသေဆုံးမှုတွေဖြစ်ပွားခဲ့တဲ့ ဒီဝမ်းနည်းဖွယ်ရာဖြစ်စဉ်အတွက် ဟားမက်စ်တို့မှာသာ အဓိကတာဝန်ရှိပါတယ်” ဟု အိမ်ဖြူတော်မှ ဒုတိယပြန်ကြားရေးဝန်ကြီး ရက်ဂျ်ရှာအာက တနင်္လာနေ့ကဆိုခဲ့ပြီး ဟားမက်စ်တို့သည် ယခုလိုအကြမ်းဖက်တုံ့ပြန်မှုမျိုး ဖြစ်ပွားလာအောင် ရည်ရွယ်ချက်ရှိရှိနှင့် အတ္တဆန်စွာ လှုံ့ဆော်ခဲ့ခြင်းဖြစ်သည် ဟု ဖြည့်စွက်ပြောဆိုခဲ့သည်။

“နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပေက အစ္စရေးတို့အနေနဲ့ သူတို့ကိုယ်သူတို့ခုခံဖို့ အခွင့်အရေးအပြည့်အဝရှိတယ် လို့ ပြောဆိုခဲ့ပါတယ်” ဟုလည်း သူက ထပ်လောင်းပြောကြားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required