NLD အမတ် တင်သွင်းသည့် အဆို လက်ခံဆွေးနွေးရန် မသင့်ဟု လွှတ်တော် ဆုံးဖြတ်

NLD အမတ် တင်သွင်းသည့် အဆို လက်ခံဆွေးနွေးရန် မသင့်ဟု လွှတ်တော် ဆုံးဖြတ်

နေပြည်တော်(မေလ ၁၄ရက်၊ ၂၀၁၈ခုနှစ်)။ ။ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ ပြည်သူ့လွှတ်တော်အမတ်တစ်ဦး တင်သွင်းသော အခြေခံပညာရေးဝန်ထမ်းများနှင့်သက်ဆိုင်သည့် အဆိုအား ပါတီဝင်အမတ်များက စတင်ကန့်ကွက်ပြီးနောက် ကန့်ကွက်သူများသည့်အတွက် လက်ခံဆွေးနွေးရန် မသင့်ကြောင်း လွှတ်တော်က ဆုံးဖြတ်လိုက်သည်။

ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မင်းဘူးမြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ် ဦးဝင်းဝင်း တင်သွင်းသည့် “အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင်နေကြသော ပညာရေးဝန်ထမ်းများအား ၎င်းတို့မိသားစုများနှင့် အနီးစပ်ဆုံးရှိ ရာထူးတာဝန်နှင့် ကိုက်ညီသော စာသင် ကျောင်းများတွင် ဦးစားပေးတာဝန်ချထားပေးနိုင်ပါရန် အစီအစဉ်များရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ပါရန် သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုကို လက်ခံဆွေးနွေးရန် မသင့်ကြောင်း ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင်နေကြရသည့် အချို့ ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများသည် ၎င်းတို့မိသားစုများနှင့် ဝေးကွာလှသည့် တိုင်းဒေသကြီးကျော်၊ ပြည်နယ်ခြားဒေသများတွင် တာန်ထမ်းဆောင်နေရခြင်း၊ တိုင်းအတွင်း ဝေးလံသောမြို့များတွင် တာဝန်ထမ်းဆောင်နေကြရခြင်း၊ နိုင်ငံတော်မှ အခြေခံပညာရေးဝန်ထမ်းများအတွက် အိမ်ယာအဆောက်အဦများကို လုံလောက်အောင် တည်ဆောက်ပေးနိုင်ခြင်း မရှိသေးခြင်း၊ တာဝန်ထမ်းဆောင်ရာတွင် စိတ်ချလုံခြံုမှုရှိစေရန် လိုအပ်ခြင်း၊ သွားရေးလာရေးအဆင်ပြေစေရန် စသည်တို့ကြောင့် အဆိုတင်သွင်းရခြင်းဖြစ်သည်ဟု ဦးဝင်းဝင်းက လွှတ်တော်တွင် ပြောသည်။

ဦးဝင်းဝင်း၏ အဆိုကို စေတုတ္တရာ မဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်က ထောက်ခံဆွေးနွေးခဲ့ပြီး ယင်းအဆိုကို လွှတ်တော်တွင် လက်ခံဆွေးနွေးရန်သင့််၊ မသင့် လွှတ်တော်ဥက္ကဌ ဦးတီခွန်မြတ်က သဘောထားတောင်းခံရာတွင် NLD အမတ်နှစ်ဦးဖြစ်သည့် တောင်သာမြို့နယ်မှ ဦးစစ်အေးနှင့် မှော်ဘီမြို့နယ်မှ ဦးအောင်ဝင်းတို့က ကန့်ကွက်ခဲ့သည်။

ထိုသို့ ကန့်ကွက်မှုရှိသည့်အတွက် မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၁၁၇မဲ၊ ကန့်ကွက်မဲ ၂၂၆မဲ ရရှိပြီး ကန့်ကွက်မဲများသည့်အတွက် လက်ခံဆွေးနွေးရန်မသင့်ဟူ၍ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

“ပညာရေးလောကမှာ လက်တွေ့ တာဝန်ထမ်းဆောင်နေတဲ့သူတွေရဲ့ ခံစားချက်ကို ဖြေလျှော့ပေးချင်လို့။ ကိုယ်မေးမိတဲ့ အခြေခံပညာကျောင်းမှာ တာဝန်ထမ်းဆောင်နေတဲ့သူတွေ အားလုံးကတော့ သူတို့က လက်ခံတယ်။ အများကြီး မျှော်လင့်ကြတယ်။ အခု သူတို့ မျှော်လင့်ထားသလို ဖြစ်မလာတော့ ဘာကြောင့်လဲဆိုတာ တွေးစရာပေါ့။ တွေးလို့ကို မရဘူး” ဟု အဆိုရှင် ဦးဝင်းဝင်းက လွှတ်တော်အစည်းအဝေးအပြီးတွင် သတင်းထောက်များကို ပြောကြားသည်။

လွှတ်တော်အခွင့််အရေးကော်မတီ အတွင်းရေးမှူးဖြစ်သူ ဒေါက်တာလှမိုးကမူ “နီးစပ်ရာ ကျောင်းတွေမှာပဲ ဦးစားပေးပြီး ပြောင်းရွှေ့ပေးမယ်ဆိုရင် နယ်စွန်နယ်ဖျားမှာရှိတဲ့၊ တိုင်းရင်းသားဒေသတွေမှာရှိတဲ့ မြန်မာပြည်အနှံ့အပြားမှာရှိတဲ့ ကျောင်းတွေမှာ ဆရာ၊ ဆရာမ အခက်အခဲတွေ ဖြစ်ပေါ်လာနိုင််ပါတယ်။ ဒါဟာ ပညာရေးတိုးတက်ဖို့ ပြုပြင်ပြောင်းလဲဖို့ ကြိုးစားနေတဲ့အချိန်မှာ ပညာရေးမှာ အနှောင့်အယှက်တွေ အများကြီး ဖြစ်လာနိုင်တယ်လို့ ယူဆတဲ့အတွက် ကိုယ်စားလှယ်အများစုက ဒီအဆိုကို ကန့်ကွက်ခဲ့ကြခြင်းဖြစ်တယ်လို့ ယူဆပါတယ်” ဟု ဆိုသည်။

လွှတ်တော်အစည်းအဝေးအစီအစဉ်တွင် ထည့်သွင်းပြီး အဆိုရှင်က တင်သွင်းသည့် အဆိုအား လက်ခံဆွေးနွေးရန်မသင့်ဟု ဆုံးဖြတ်ခြင်းသည် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေးများအတွင်း ပထမဆုံးအကြိမ် ဖြစ်သည်။ လက်ရှိ သမ္မတတာဝန် ထမ်းဆောင်နေသည့် ဦးဝင်းမြင့် လွှတ်တော်ဥက္ကဋ္ဌတာဝန်ထမ်းဆောင်စဉ်က အလားတူ ဖြစ်စဉ်မျိုး မရှိခဲ့ပေ။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly