လူ ၃ ဦး ဒဏ်ရာရခဲ့သော သီလဝါဆိပ်ကမ်းအငြင်းပွားမှုမှ လယ်သမားအချို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ တွေ့ဆုံဆွေးနွေးရာ အားရစရာမရှိ ဟုဆို

လူ ၃ ဦး ဒဏ်ရာရခဲ့သော သီလဝါဆိပ်ကမ်းအငြင်းပွားမှုမှ လယ်သမားအချို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ တွေ့ဆုံဆွေးနွေးရာ အားရစရာမရှိ ဟုဆို
ဓာတ်ပုံ-ဒေါ်အေးမြမြမျိုး

မေ ၁၄။     ။ သီလဝါဆိပ်ကမ်းစီမံကိန်းအတွင်းရှိသည့် လယ်မြေများပေါ်တွင် ကုမ္ပဏီနှင့် လယ်သမားများအကြား မေလ ၁၂ ရက်က အငြင်းပွားမှုဖြစ်ပွားခဲ့မှုနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ယနေ့တွေ့ဆုံဆွေးနွေးခဲ့ရာ   အားရစရာ ဖြေရှင်းပေးမှု တစ်စုံတစ်ရာ မရရှိခဲ့ဟု ဆွေးနွေးပွဲတက်ရောက်ခဲ့သည့် လယ်သမားအချို့က ပြောဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် သီလဝါကျေးရွာရှိ လယ်မြေဧက ၁ဝဝ ပေါ်တွင် ဦးပိုင်ကုမ္ပဏီက သဲတင်ရန် ပြုလုပ်နေသည်ကို တားဆီးခဲ့သည့် လယ်သမားများကို ရဲတပ်ဖွဲ့ကပစ်ခတ်ပြီး လူစုခွဲလိုက်ခြင်း ဖြစ် ကာ ဒဏ်ရာရရှိသူ ၃ ဦးနှင့် ဖမ်းဆီးခံရသူ ၄ ဦးအထိ ရှိသော ဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။  

“ဆွေးနွေးမှုမှာ မြေပိုင်ဆိုင်မှုနဲ့ပတ်သတ်ပြီး ဆွေးနွေးခဲ့ရတာပဲ ရှိတယ်။ ကိုယ်ပိုင်ဆိုင်တာပဲ ပြောရတယ်။ အခြား လူပိုင်ဆိုင်တာကိုလည်းဦးဆောင်ပြီးပြောလို့မရဘူး။ အဲဒါလေးပဲ ဆွေးနွေးခွင့်ရတယ်။ စနေနေ့ကဖြစ်တဲ့ လက်ရှိအခြေအနေကို ဘာမှလုပ်ပေးဖို့အကြံဉာဏ်လည်း မပေးဘူး။ ဆုံးဖြတ်ချက်လည်း မချဘူး။ လက်ရှိ ဆွေးနွေးတာတော့ ဘာမှ အားရစရာမရှိဘူး။ ဥပဒေကြောင်းရပဲ လုပ်မှ ရမယ်။ လယ်ယာမြေပြန်လည်စိစစ်ရေး အဖွဲ့က ဘာမှမဆုံးဖြတ်သေးဘဲ သူတို့ဝင်လုပ်နေတာ မတရားဘူးလို့ မြင်တယ်” ဟု သီလဝါကျေးရွာမှ လယ်သမား ဦးသန်းဝင်းက ပြောသည်။

လယ်မြေများသည် ၁၉၉၅-၉၆ ခုနှစ်က နိုင်ငံတကာအဆင့်မီဆိပ်ကမ်းတည်ဆောက်ရန် လယ်သမားများကို တစ်ဧက ကျပ် ၂ သောင်းနှုန်းပေးကာ သိမ်းယူထားသော အကွက်အမှတ် ၁၂ ၊ ၁၃ ဖြစ်ကြောင်း သိရသည်။

အဆိုပါ လယ်မြေများအား မတရားသိမ်ဆည်းခဲ့ခြင်း ဖြစ်ပြီး ဥပဒေအရ သိမ်းယူခဲ့ခြင်း မဟုတ်သောကြောင့်  လယ်သမားများသည် ကျူးကျော်မဟုတ်ကြောင်း ကျောက်တန်းမြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုး က ဆိုသည်။

“၁၉၉၆ ခုနှစ်တုန်းက ဥပဒေအရ သိမ်းခဲ့တဲ့မြေတွေ မဟုတ်ပါဘူး။ ၂၀၀၀ ခုနှစ်မှာ လုပ်ပိုင်ခွင့်ရတယ် ပြောတယ်။ ၂၀၀၀ခုနှစ် ကလုပ်ပိုင်ခွင့်ရရင် ၂၀၁၈ ခုနှစ်ရောက်နေပြီ ။ ၅ နှစ်အတွင်း လုပ်ငန်းအကောင် အထည်ဖော်ရမယ်ဆိုတာ ဥပဒေမှာ ဖော်ပြထားပြီး ဖြစ်တယ်။ ၄ နှစ်အတွင်း အကောင်အထည်မဖော်နိုင်ရင် တောင်သူကို ပြန်ပေးရမယ်ဆိုတာ ဥပဒေမှာ ရှိပြီးသားဖြစ်တယ်။ တစ်ချို့တောင်သူတွေက အခုချိန်ထိ လက်ငုတ်လက်ရင်းမပြတ်လုပ်ကိုင်နေပြီးသားဖြစ်တဲ့အတွက် ကျူးကျော်ဆိုတဲ့ စကားလုံး ကို ကန့်ကွက်တာ ဖြစ်တယ်” ဟု ကျောက်တန်းမြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုး က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရတက်လာချိန်တွင် မတရားသိမ်းဆည်းခံရသော မြေများကိုပြန်ပေးရန် အဓိကအရေးကြီးသော မူဝါဒအဖြစ် ချမှတ်ပြီး အဖွဲ့အစည်းများ ဖွဲ့စည်းကာ စီစဉ်ဆောင်ရွက်နေကြောင်း ဒေါ်အေးမြမြမျိုး က ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required