မကွေးတွင် လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းခဲ့မှုကြောင့် နေအိမ် ၁၀၂ လုံး ပျက်စီး

မကွေးတွင် လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းခဲ့မှုကြောင့် နေအိမ် ၁၀၂ လုံး ပျက်စီး

မကွေး၊ မေလ ၁၄ ။           ။ ယမန်နေ့ မေလ ၁၃ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်ကာ မိုးရွာသွန်းခြင်းကြောင့် မကွေးမြို့နယ်တွင် နေအိမ်များ အမိုးလန်၊ သစ်ပင်ပိကာ နေအိမ် ၁၀၂ လုံး ပျက်စီးခဲ့ကြောင်း မကွေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

လေပြင်းတိုက်ခတ် မိုးရွာသွန်းခြင်းကြောင့် မကွေးမြိို့ရှိ ရပ်ကွက်(၂)ရပ်ကွက်နှင့် ကျေးရွာ(၁၂)ရွာတို့တွင် နေအိမ်အမိုးလန်ခြင်း ၊ နေအိမ်များပေါ် သစ်ပင်ပိခြင်း စုစုပေါင်းအိမ်ထောင်စု ၁၀၂ စု ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ် ၂၃သိန်းလေးသောင်းခန့်  ပျက်စီးဆုံးရှုံးခဲ့သည်ဟု မကွေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်က ပြောသည်။

“ သစ်ပင်ကြီးတွေက အကြီးကြီးတွေ လဲနေတာဖြစ်တဲ့အတွက် ကျွမ်းကျင်အလုပ်သမားတွေနဲ့ ရှင်းလင်းမှုတွေ ဆောင်ရွက်နေတယ်၊ မကွေးတိုင်းဒေသကြီးကယ်ဆယ်ရေးနဲ့   ပြန်လည်နေရာချထားရေးဌာနနဲ့ ပူးပေါင်းပြီး ကယ်ဆယ်ရေး ပစ္စည်းတွေ ပေးဖို့ ဆောင်ရွက်နေပါတယ်” ဟု ဦးမြင့်လွင်က ပြောသည်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မကွေးတိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်စိုးက မေလ ၁၃ ရက်နေ့ လေပြင်းတိုက်ခတ်မှုနှင့် ပတ်သက်၍ မြို့နယ်များမှ ဆုံးရှုံးမှု စာရင်း တက်မလာသေးကြောင်းပြောသည်။

မကွေးတိုင်းဒေသကြီးအတွင်း ဧပြီလနှင့် မေလ ၁၀ ရက်နေ့အထိ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုသည့် နေအိမ် ၁၀၂ လုံး အမိုးလန်၊ နေအိမ် ၁၆၈၆ လုံး ရှိခဲ့ပြီး လေပြင်းတိုက်ခတ်ပြီး သစ်ပင်ပိ၍ လူတစ်ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၃ ဦးရှိခဲ့ကြောင်းသိရသည်။

မကွေးတိုင်းအတွင်း လေပြင်းတိုက်ခတ်ခြင်းကြောင့် အိမ်ပြိုကျ ပျက်စီးသည့်အိမ်များ၊ သေဆုံးသူနှင့် ဒဏ်ရာရသူများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန   ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မကွေးတိုင်ဒေသကြီးဦးစီးမှူးရုံးမှ ဆန် နှင့်အိမ်ဆောက်ပစ္စည်း ထောက်ပ့ံကူညီပေးမှု ကျပ်သိန်း ၈၈၃၉၀၁၀၀ ထာက်ပ့့ံပေးခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required