အသတ်ခံရသော FDA ဝန်ထမ်းအမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့ခြင်းမရှိဟု မျိုးဇော်ဦး ထွက်ဆို

အသတ်ခံရသော FDA ဝန်ထမ်းအမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့ခြင်းမရှိဟု မျိုးဇော်ဦး ထွက်ဆို
ဓာတ်ပုံ-ရန်ကုန်တိုင်းရဲတပ်ဖွဲ့

 

ရန်ကုန်၊ မေလ ၁၄ ။             ။ FDA ဝန်ထမ်းအမျိုးသမီး အဓမ္မပြုကျင့်သတ်ခံခဲ့ရသည့်အမှုတွင် ဖမ်းဆီးခံထားရသော မျိုးဇော်ဦး(ခ)ဆီဒိုးနား အား တရားခံအဖြစ် ယနေ့ မေလ ၁၄ ရက်နေ့တွင် စတင်စစ်ဆေးခဲ့ပြီး အမျိုးသမီးကို အဓမ္မပြုကျင့်ခြင်း၊ ဓမ္မတာနှင့်ဆန့်ကျင်သည့် ကာမဆက်ဆံခြင်းများ ပြုလုပ်ခဲ့ခြင်းမရှိဟု တရားခွင်အတွင်း ထွက်ဆိုခဲ့သည်။

အဆိုပါ အမှုနှင့် ပတ်သက်ပြီး ယနေ့ မေလ ၁၄ ရက်၊ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးတွင် မျိုးဇော်ဦး (ခ) ဆီဒိုး နားဆိုသူအား ၁၃ ကြိမ်မြောက် ရုံးထုတ်ခဲ့ခြင်းဖြစ်ပြီး  ယနေ့ ရုံးချိန်းတွင် မျိုးဇော်ဦးအား စတင်စစ်ဆေးခဲ့ရာ တရားခွင်အတွင်း ခရိုင်တရားသူကြီးက တရားခံအနေဖြင့် သို့မဟုတ် သက်သေအဖြစ် အစစ်ဆေး ခံမည်လားဟု မေးမြန်းခဲ့ရာ မျိုးဇော်ဦးဘက်မှ လိုက်ပါဆောင်ရွက်ပေးသည့် အထက်တန်းရှေ့နေက တရားခံအဖြစ်အစစ်ဆေးခံမည်ဟု ပြောဆိုသဖြင့် မျိုးဇော်ဦးအား တရားခံအဖြစ် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ထိုသို့ မျိုးဇော်ဦးအား တရားခံအဖြစ်စစ်ဆေးရာတွင် ကျမ်းကျိန်ခြင်းမရှိဘဲ လက်ထိပ်ခတ်ပြီး ခရု်ိင်တရားသူကြီး က မျိုးဇော်ဦးကို မေးခွန်းများ တိုက်ရိုက်မေးမြန်းခဲ့ခြင်းဖြစ်သည်။

“မရွှေရည်ဝင်းထံမှ မျိုးဇော်ဦးက ပလက်တီနမ်ဆွဲကြိုးအား လုယက်ခဲ့စဉ် မရွှေရည်ဝင်းက အော်ဟစ်သဖြင့် လည်ပင်းညှစ်ခြင်း၊ လည်ပင်းအား စကူဖြင့် ထိုးခဲ့ခြင်းကြောင့် မရွှေရည်ဝင်းမှာ သေဆုံးခဲ့ခြင်းဖြစ်သည်”ဟု ခရို်င်တရားသူကြီးက မေးမြန်းခဲ့ရာ မျိုးဇော်ဦးက “မမှန်ပါ” ဟုထွက်ဆိုခဲ့သည်။

၎င်းအနေဖြင့် FDA ဝန်ထမ်း အမျိုးသမီးအား မုဒိမ်းမှုကျူးလွန်ခြင်း၊ ဓမ္မတာနှင့် ဆန့်ကျင်သည့် ကာမဆက်ဆံ ခြင်းများပြုလုပ်ခဲ့ခြင်းမရှိကြောင်း မျိုးဇော်ဦးက တရားခွင်အတွင်း ထွက်ဆိုခဲ့သည်။ ထို့အပြင် ဖြောင့်ချက်တွင် ကနဦးထွက်ဆိုထားသည့် အဓမ္မပြုကျင့်ခဲ့သည်ဆိုသော အချက်မှာလည်း ၄င်းအနေ ဖြင့် ထိုသို့ထွက်ဆိုခဲ့ သည်မှာ မှန်ကန်သော်လည်း ဆန္ဒမပါဘဲ ထွက်ဆိုခဲ့ခြင်း ဖြစ်ကြောင်း မျိုးဇော်ဦး(ခ) ဆီဒိုး နားက ထွက်ဆိုခဲ့သည်။

“ အခုလို တရားခံအနေနဲ့ စစ်ဆေးတာက ခရိုင်တရားသူကြီးက မေးခွန်းထုတ်လို့ရတယ်။ နောက်တစ်ခုက ဥပဒေအရာရှိက မေးလို့မရဘူး။ အဲ့ဒါက ပိုပြီးတော့ တရားခံအတွက် ကောင်းတယ်ဗျ။ သူ့အတွက် အခြေခံ ကောင်းဖြစ်သွားအောင် ဖော်ဆောင်ပေးတာပေါ့” ဟု မျိုးဇော်ဦးဘက်မှ လိုက်ပါဆောင်ရွက်သူ အထက်တန်းရှေ့နေ ဦးမောင်မောင်စိုးက တရားခွင်ကအထွက်တွင် ပြောသည်။

မျိုးဇော်ဦး သွားရောက်ရောင်းချခဲ့သည့် မရွှေရည်ဝင်း လက်ကိုင်ဖုန်းကို ယုဇနပလာဇာဖုန်းဆိုင်မှ အကြောင်း ကြားသဖြင့် သိမ်းဆည်းရမိခဲ့ခြင်းနှင့် မရွှေရည်ဝင်း၏ အသုံးအဆောင်ပစ္စည်းများကို မျိုးဇော်ဦး ကိုယ်တိုင် လိုက်လံပြသခဲ့သည့် မြောက်ဒဂုံမြို့နယ်၊ အမှတ် ၃၃ ရပ်ကွက်နှင့် ၃၅ ရပ်ကွက်မှ ရဲတပ်ဖွဲ့က သိမ်းဆည်း ရမိခဲ့ခြင်းဖြစ်သည့် အချက်များမှာ မှန်ကန်ကြောင်း မျိုးဇော်ဦးက ထွက်ဆိုခဲ့သည်။

“ တရားခံက သူက တရားခံကဲ့သို့ အစစ်ခံတဲ့အတွက် သက်သေကဲ့သို့ အစစ်ခံခြင်းမဟုတ်ပါဘူး။ သက်သေ ကဲ့သို့ အစစ်ခံခြင်းမဟုတ်တဲ့အတွက်ကြောင့်မို့လို့ ဖြောင့်ချက်နဲ့ ပတ်သက်ပြီးတော့ သက်သေခံတင်ပြဖို့ ဖြောင့်ချက်ကို ရုပ်သိမ်းဖို့ကိစ္စကို သူ့အနေနဲ့ မရယူနိုင်တဲ့အတွက် တရားခံရှေ့နေရဲ့ ဆန္ဒနဲ့ ဖြောင့်ချက် ရုပ်သိမ်းဖို့ လျှောက်လဲချက်ကို ပြန်လည်ရုပ်သိမ်းတယ်”ဟု ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံး၊ သတင်းနှင့် ပြန်ကြားရေးအရာရှိ ဦးထွန်းထွန်းဦးကပြောသည်။

ယနေ့ ရုံးချိန်းတွင် မျိုးဇော်ဦးဘက်မှ ခံပြသက်သေအဖြစ် ၎င်း၏ ဦးလေးဖြစ်သူ ဦးအောင်ဇော်ဦးကိုပါ စစ်ဆေးမည်ဖြစ်သော်လည်း ဦးအောင်ဇော်ဦးမှာ မျိုးဇော်ဦးအား စစ်ဆေးနေစဉ် တရားခွင်အတွင်း ဝင်ရောက် နားထောင်ခဲ့သည့်အတွက် ခံပြသက်သေအဖြစ်မှ ပယ်လိုက်သည်။

အဆိုပါ အမှုနှင့် ပတ်သက်ပြီး ရန်ကုန်အရှေ့ပိုင်းခရိုင်တရားသူကြီးက လာမည့် မေလ ၂၁ ရက်ကို ပြန်လည်ချိန်းဆိုလိုက်ပြီး ယင်းရုံးချိန်းတွင် ကျန်ရှိသည့် ခံပြသက်သေ ၂ ဦးကို ဆက်လက် စစ်ဆေးသွား မည်ဖြစ်သည်။ ယင်းအမှုနှင့် ပတ်သက်ပြီး ပြီးခဲ့သည့် ဧပြီလ ၂ ရက်နေ့က မြောက်ဥက္ကလာပဆေးရုံမှ မှုခင်းဆရာဝန်ကြီး၊ အထူးကုဆရာဝန် ဒေါက်တာထွန်းလင်းထွန်းလာရောက်ထွက်ဆိုခဲ့ရာတွင် ဆေးစစ်ချက်အရ အမျိုးသမီး အင်္ဂါအတွင်း ထိုးသွင်းထားသောလက္ခဏာ ရှိသော်လည်း သုက်ပိုးမတွေ့ရကြောင်း တရားခွင်တွင် ထွက်ဆိုခဲ့သည်။

မျိုးဇော်ဦးဆိုသူကိုလည်း ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ခေါ်ယူ ဆေးစစ်ချက်အရ မျိုးဇော်ဦး ခန္ဓာကိုယ်ပေါ်၌ ပြင်ပဒဏ်ရာများ တွေ့ရှိရပြီး အမျိုးသားသုက်ပိုးကိုမှု တွေ့ရှိခြင်းမရှိကြောင်း မှုခင်းဆရာဝန်က ထွက်ဆိုခဲ့သည်။

FDA ဝန်ထမ်းအမျိုးသမီး သေဆုံးရခြင်း အဓိကအချက်မှာ မှုခင်းဆရာဝန်ထွက်ဆိုချက်အရ လည်ပင်းပတ် လည်အား တင်းကြပ်အောင် ဖိနှိပ်ခံထားရသည့်အတွက် လည်ပင်းအရှေ့ဘက် အရိုးငယ်ကျိုးတဲ့ဒဏ်ရာ၊ လည်ပင်းကြွက်သားတွင် သွေးသွန်၊ သွေးခြေဥ၊ ဖူးယောင်မှုများ တွေ့ရှိရကြောင်း သိရသည်။

ထို့ပြင် ရင်ဘတ် ဖူးရောင်ဒဏ်ရာများ တွေ့ရကာ ရင်ညွှန့်မှာ ကျိုးနေသည့်အတွက် လည်ပင်းနှင့် လည်ပင်း အောက်ရှိ အသက်ရှုပြွန်များပိတ်ဆို့နေပြီး အသက်မရှုနိုင်ခြင်း၊ အဆုတ်နှင့် ရင်ခေါင်းကြွက်သားများ အလုပ် မလုပ်နိုင်ခြင်းကြောင်း သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly